Header AD

ရုရှားနှင့် အမေရိကန် အာကာသယာဉ်မှူးနှစ်ဦး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ထွက်ခွာ

ဧပြီ ၂၀ ရက်က ISS သို့ ထွက်ခွာမည့် ရုရှားအာကာသယာဉ်ကို ဓာတ်ပုံရိုက်နေကြသူများ (Photo: AFP)
အမေရိကန်နှင့် ရုရှား အာကာသယာဉ်မှူးနှစ်ဦးသည် ကာဇက်စတန်ရှိ ဗိုက်ကိုနော အာကာသစခန်းမှနေ၍ ဧပြီ ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ထွက်ခွာသွားခဲ့ပြီး ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးသော အာကာသယာဉ်မှူး နှစ်ဦးပါ အာကာသယာဉ် လွှတ်တင်မှု ဖြစ်ခဲ့သည်။
ဆိုယုဇ် MS-04 အာကာသယာဉ်သည် ရုရှားအာကာသယာဉ်မှူး ဖီရိုဒိုယုအာချီခင်နှင့် အမေရိကန်အာကာသယာဉ်မှူး ဂျက်ဖစ်ရှာတို့ကို ဂရင်းနစ်စံတော်ချိန် ၀၇၁၃ နာရီတွင် အာကာသတွင်းသို့ သယ်ဆောင်သွားခဲ့သည်။ အာကာသယာဉ် လွှတ်တင်မှုသည် အောင်မြင်ခဲ့ကြောင်း ရုရှားအာကာသ အေဂျင်စီ Roscosmos က ပြောကြားခဲ့ပြီး အာကာသယာဉ်မှူးများသည် ဂရင်းနစ်စံတော်ချိန် ၁၃၂၃ နာရီ၌ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း ကြေညာခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အာကာသစခန်း ISS သို့ လူလိုက်ပါသော အာကာသယာဉ်များ စေလွှတ်မှုတွင် အာကာသယာဉ်မှူး သုံးဦး ပုံမှန်ပါဝင်လေ့ရှိသည်။ သို့သော်လည်း  မဝေးသော အနာဂတ်တွင် အာကာသယာဉ် မှူးနှစ်ဦး စေလွှတ်မှုများ ရှိလာမည်ဟု Roscosmos က ပြီးခဲ့သည့်နှစ်တွင် ကြေညာခဲ့သည်။ ISS ရှိ ရုရှားစခန်းကို ချဲ့ထွင်ရန်အတွက် မော်ဂျူးသစ်များ မတပ်ဆင်မီ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၈ ခုနှစ် အစောပိုင်းတွင် အာကာသထောက်ပံ့ရေး မစ်ရှင်များ၌ စရိတ်လျှော့ချရန် ကြိုးပမ်းနေကြောင်း Roscosmos က ရှင်းပြခဲ့သည်။
ISS သို့ အာကာသယာဉ်မှူးနှစ်ဦး နောက်ဆုံးစေလွှတ်ခဲ့သည့် ခရီးစဉ်သည် ၂၀၁၃ ခုနှစ် ဧပြီကဖြစ်ခဲ့ပြီး ရုရှားအာကာသယာဉ်မှူး ယူရီမာလင်ချင်ကိုနှင့် အမေရိကန် အာကာသယာဉ်မှူး အက်ဒ၀ပ်လူတို့ လိုက်ပါခဲ့သည်။ ယခု အာကာသခရီးစဉ်တွင် လိုက်ပါသွားခဲ့သော ယူအာချီခင်နှင့် ဖစ်ရှာတို့သည် ISS ၌ ငါးလကြာ နေထိုင်မည်ဖြစ်ပြီး နာဆာ၏ အာကာသ ဓာတ်ခွဲခန်းတွင် အာကာသယာဉ်မှူး ပက်ဂီဝပ်ဆန်နှင့် အတူ အခြားအာကာသယာဉ်မှူး သုံးဦးနှင့် ပူးပေါင်းမည်ဖြစ်သည်။
ဝပ်ဆန်သည် ISS ကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နေသော ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ယူအာချီခင်ထံမှ အာကာသဓာတ်ခွဲခန်းအား ဦးဆောင်မှုအား လွှဲပြောင်းဆက်ခံခဲ့သည်။ ၀ပ်ဆန်သည် စက်တင်ဘာ အစောပိုင်းတွင် ဖစ်ရှာ၊ ယူအာချီခင်တို့နှင့်အတူ ကမ္ဘာမြေသို့ ပြန်လာမည်ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်းက ဆုံးရှုံးမှုများနှင့် မအောင်မြင်သော အာကာသယာဉ် လွှတ်တင်မှုတို့ ရှိခဲ့သော်လည်း ရုရှားသည်  ISS သို့ လူလိုက်ပါသော အာကာသခရီးစဉ်ကို ဆောင်ရွက်ပေးနေသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။
Writer: 
Ref: AFP

ရုရှားနှင့် အမေရိကန် အာကာသယာဉ်မှူးနှစ်ဦး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ထွက်ခွာ ရုရှားနှင့် အမေရိကန် အာကာသယာဉ်မှူးနှစ်ဦး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ထွက်ခွာ Reviewed by Unknown on 9:26 AM Rating: 5

Post AD