ရန်ကုန်မြို့ သာကေတမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ တန်ဖိုး ကျပ် ၃၂ ဘီလျံနီးပါးရှိပြီး နိုင်ငံခြားသား အပါအ၀င် ခုနစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရ
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့တွင် ဧပြီ ၁၈ ရက်က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ တန်ဖိုး ကျပ် ၃၂ ဘီလျံနီးပါးရှိပြီး နိုင်ငံခြားသားတစ်ဦး အပါအ၀င် ခုနစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဧပြီ ၁၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကျော်ဝင်းက RFA သတင်းဌာနသို့ ပြောကြားသည်။
“ဘိန်းဖြူက ၃ ဒသမ ၉၆၅ ကီလို၊ စိတ်ကြွဆေးပြားက ၂,၁၆၆,၀၁၂ ပြား၊ ICE ၂၉၉ ဒသမ ၆ ကီလို၊ စုစုပေါင်း ကျပ်သန်းပေါင်း ၃၁၉၄၅ ဘီလျံကတော့ ၃၂ ဘီလျံနီးပါးပေါ့။ လက်နက်တွေကတော့ သေနတ်နှစ်လက် အသေးတွေပါ။ ပစ္စတိုနှစ်လက်ရတယ်။ ကျည် ၁၅ တောင့်၊ မော်တော်ယာဉ်ငါးစီးပေါ့။ တရားခံကတော့ ခုနစ်ဦးပေါ့” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ကျော်ဝင်းက RFA သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ သေနတ်နှစ်လက်နှင့် မော်တော်ယာဉ် ငါးစီးမှာ သာကေတမြို့နယ် (၆/အနောက်) ရပ်ကွက်၊ (၉) ရပ်ကွက် ကမာကြည်လမ်းရှိ နေအိမ်တိုက်ခန်းများနှင့် ရန်ကင်းမြို့နယ် ရွှေအုန်းပင်အိမ်ရာရှိ တိုက်ခန်းတစ်ခန်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယခုဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့၌ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်၏ နောက်ဆက်တွဲဖြစ်ပြီး ယခုဖမ်းဆီးရမိသည့် နိုင်ငံခြားသားမှာ တရားခံပြေးဖြစ်ကြောင်း ရဲမှူးချုပ်ကျော်ဝင်းက RFA သတင်းဌာနသို့ ပြောကြားသည်။
“ဒါတွေက ဟိုတုန်းက ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က နိုင်ငံခြားသားတွေ ပါဝင်တဲ့ မှောင်ခိုဂိုဏ်းကို ရန်ကုန်မှာပဲ ကျွန်တော်တို့ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်။ အဲဒီမှာတုန်းက တရားခံ CAI JENG ZE ပါ နိုင်ငံခြားသားအဖွဲ့ ကိုးဦးနဲ့ တရားခံပြေး ၁၆ ဦးတို့ကို တရားစွဲဆို တင်ပို့လိုက်တယ်။ တရားစွဲလိုက်တာကတော့ ၂၅ ဦး၊ တရားရုံးကို ပို့လိုက်တာကတော့ တရားခံကိုးဦးပေါ့၊ တရားခံပြေးကတော့ ၁၆ ဦးကျန်တာပေါ့။ အဲဒီထဲက တစ်ဦးပေါ့” ဟု ရဲမှူးချုပ်ကျော်ဝင်းက RFA သတင်းဌာနသို့ ပြောကြားသည်။
ယခုဖြစ်စဉ်တွင် မူးယစ်ဆေးဝါး အများဆုံးဖမ်းမိသည့်နေရာမှာ သာကေတမြို့နယ် (၉) ရပ်ကွက် ကမာကြည်လမ်းရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ရန်ကင်းမြို့နယ်တွင် ဖမ်းဆီးရမိမှု၌ ပစ္စတိုသေနတ်တစ်လက်ကို ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဆက်စပ်ကွင်းဆက် တရားခံများကိုလည်း ထပ်မံဖမ်းဆီးနိုင်ရန် နိုင်ငံတကာနှင့်လည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း ရဲမှူးချုပ်ကျော်ဝင်းက RFA သတင်းဌာနသို့ ဆက်လက် ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် နေပြည်တော်ရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးအား The Daily Eleven သတင်းစာမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။

Reviewed by Unknown
on
9:29 AM
Rating:
Reviewed by Unknown
on
9:29 AM
Rating:

Post a Comment