ရပါတယ် ရပါတယ်
…တစ်ခုသော နံနက်မှာ အမတ်ကြီး ဦးပေါ်ဦးရဲ့ အိမ်ရှေ့ပြောင်လက်ရှင်းသန့်နေတဲ့ အိမ်ဝင်းထဲကို လူတစ်ယောက် ၀င်လာတယ်။ သူက မင်းလုလင်တစ်ယောက်ဖြစ်တယ်။
…နန်းမြို့ မြို့ရိုးအတွင်း ရွှေနန်းတော်ကြီးနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ ဦးပေါ်ဦးရဲ့ အိမ်အနေနဲ့ အမြဲသန့်ရှင်းနေတယ်။ အိမ်ရှေ့မှာလည်း ဦးပေါ်ဦးကိုယ်တိုင် နံနက်တိုင်း တံမြက်လှည်းထားလေတော့ အမှိုက်တစ်ပင် မရှိဘူး။ ရှင်းသန့် ပြောင်လက်နေတယ်။ …အဲဒီနေရာကို ရောက်လာတဲ့ မင်းလုလင်ဟာ ဘာမပြော ညာမပြော အခင်းကြီး သွားမယ့်ပုံနဲ့ ထိုင်ချလိုက်တဲ့အတွက်… “ ဟဲ့…ဟဲ့…..အဲဒါက ဘာလုပ်မလို့လဲဟေ…” …ဦးပေါ်ဦး ပြူးပြူးပြာပြာ ပြေးသွားပြီး မေးတယ်။ ထိုင်ချလိုက်တဲ့လူလည်း ထရပ်ရတယ်လေ။
“ မစင်စွန့်မလို့ပါ အမတ်ကြီး”
“ တယ်…ကျူးကျူးကျော်ကျော် စော်စော်ကားကား…”
“ မင်းတရားကြီး ကိုယ်တော်တိုင်က ပေါ်ဦးအိမ်ရှေ့ မြေတလင်းမှာ အခင်းကြီးသွားချေ၊ အမိန့်တော်ချမှတ်လိုက်လို့ပါခင်ဗျာ၊ သည်းခံတော်မူပါ” …
သူတစ်ပါးကိုသာ ကသိကအောက်လုပ်ခဲ့တဲ့ ဦးပေါ်ဦး အလွန်အခံခက်သွားတယ်။ သို့သော်လည်း မင်းမိန့်ကို သူ မတားဆီးနိုင်။
“ မင်းတရားကြီးရဲ့ အမိန့်တော်က အခင်းကြီးသွားချေလို့ပါတယ်နော်၊ ဟုတ်စ…” “ မှန်ပါတယ် ခင်ဗျာ”
“ အေးအေး…မင်းမိန့်ကိုကွယ့်၊ နာခံရမှာပေါ့၊ သို့သော်လဲ ခဏနေဦးကွယ်၊ ခဏလေး…ခဏလေး…”
…အမတ်ကြီး ဦးပေါ်ဦးအနေနဲ့ အဆောင်ကိုင်တစ်ယောက် ဓားသွေးနေတာလှမ်းခေါ်ပြီး ဓားတောင်းလိုက်တယ်။ ချက်ချင်း မင်းလုလင်ရဲ့ ခေါင်းပေါ်မှာ မိုးထားလိုက်တယ်။
“ ကဲ…အမိန့်တော်ထဲမှာ အခင်းကြီး သွားစေပါတဲ့အတွက် အခင်းကြီးသွားပေတော့၊ သို့သော် အခင်းလေးသွားစေ မပါတဲ့ အတွက် ကျင်ငယ် မထွက်ရဘူး၊ ကျင်ငယ် တစ်စက်ထွက်ရင် ဇက်အပြတ်ပဲ…” …
မင်းလုလင် ထရပ်လိုက်ရတော့တယ်။ …အခင်းကြီးသွားတဲ့အခါ ကျင်ငယ် မထွက်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။ ဘုရင့်အမိန့်ထဲမှာလည်း ကျင်ကြီးသာ စွန့်ခိုင်းတာ၊ ကျင်ငယ်မပါဘူး၊ ဦးပေါ်ဦးက အဲဒီဟာ အတွက်ကို အမိအရ ဖမ်းကိုင်ပြီး ဓားမိုးထားတာပါပဲ။
“ ဟဲ့ကောင်…ကျင်ကြီး စွန့်လေ…”
“ ကျွန်တော် ကျင်ငယ် မထွက်အောင် မတတ်…..မတတ်နိုင်လို့…” …
မင်းလုလင်သည် ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေင်္ပြိး အမတ်ကြီးရဲ့ အိမ်ရှေ့တလင်းပြင်က ထွက်ခွာသွားလေရဲ့။ …အဲဒီ မင်းလုလင်ဟာ အမှန်ပဲ အမိန့်တော်ကြီးနဲ့ လာသူဖြစ်တယ်။ ဒါကြောင့် အကျိုးအကြောင်း ပြန်လည်သံတော်ဦး တင်ဖို့ ဘုရင့်ရှေ့တော်ကို ၀င်ရောက်ခစားရတယ်။
“ ပေါ်ဦးအိမ်ရှေ့ မြေတလင်းမှာ အခင်းကြီး သွားခဲ့ပြီးပြီလား၊ ပေါ်ဦးဆိုတဲ့ကောင်က ဘာပြောသတုန်းဟဲ့…”
“ မှန်လှပါ၊ အမိန့်တော်ထဲမှာ အခင်းကြီးပဲပါတယ်၊ အခင်းလေးစွန့်စေ မပါတဲ့အတွက် ကျင်ငယ်တစ်စက်ထွက်ရင် ဇက်အပြတ်ပဲဆိုပြီး ဓားမိုးထားတဲ့အတွက် မဆောင်ရွက်ခဲ့ရပါဘုရား…” …
သံတော်ဦး တင်အဆုံးမှာ မင်းတရားကြီးအနေနဲ့ လှိုက်လှိုက်လှဲလှဲ ရယ်မောတော်မူသတဲ့…။ ။
Credit.....
ရပါတယ် ရပါတယ်
Reviewed by Unknown
on
10:39 AM
Rating:
Reviewed by Unknown
on
10:39 AM
Rating:


Post a Comment