အင်္ဂလိပ် တွေ သိမ်းယူခဲ့တဲ့ မြန်မာနန်းတွင်းရတနာစာရင်းကို လန်ဒန်ရှေ့နေတွေ အကူအညီနဲ့ ပြုစုမယ်
မြန်မာ့နန်းတွင်းရတနာတစ်ခုဖြစ်သည့် သီဟာသနပလ္လင်ကို တွေ့ရစဉ်။
မြန်မာဘုရင်သီပေါမင်း ပါတော်မူခဲ့တဲ့ ၁၈၈၅ ခုနှစ်က အင်္ဂလိပ်တို့ သိမ်းယူသွားတဲ့ နန်းတွင်း ရတနာပစ္စည်းတွေရဲ့စာရင်းကို လန်ဒန်မြို့က ရှေ့နေတွေရဲ့ အကူအညီနဲ့ စာရင်းပြုစုဖို့ ပြင်ဆင်နေတယ်လို့ သီပေါမင်းရဲ့ မြစ်တော်စပ်သူ ဦးစိုးဝင်းက ပြောပါတယ်။
“နန်းတွင်း ရတနာတွေအကြောင်း နောင်လာနောက်သားတွေ သိအောင်၊ တစ်နိုင်ငံလုံးအနေနဲ့ သိအောင်လုပ်နေတာ။ သမိုင်းမှတ်တမ်းတစ်ခု ဖြစ်စေချင်လို့လုပ်တာပေါ့။ အနွယ်တော်တစ်ယောက်အနေနဲ့ လုပ်တာမဟုတ်ဘူး။ ပြည်သူတစ်ယောက်အနေနဲ့လုပ်တာ။ တိုင်းပြည်အတွက်နစ်နာခဲ့တယ်။ ဘယ်လိုနစ်နာခဲ့တယ်ဆိုတာတွေကို မှတ်တမ်းဖြစ်အောင်ပြန်ဖော်ထုတ်တာ”လို့ ဦးစိုးဝင်းက ပြောပါတယ်။
ထိပ်စုမြတ်ဘုရားကလေး (သီပေါမင်း၏ စတုတ္ထသမီးတော်) ရေးသားခဲ့တဲ့ စတုတ္ထသမီးတော်အရေးတော်ပုံစာတမ်းမှာ ခမည်းတော်၊ မယ်တော်၊ မိထွေးတော်တို့ရဲ့ လက်ဝတ်ရတနာ တချို့နဲ့ ၁၇၈ ပါးသော မင်းတို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ကျောက်မျက်ရတနာတွေနဲ့ ဘဏ္ဍာတော်တွေကို သေတ္တာကြီးငယ်တွေထဲမှာ ထည့်သွင်းပြီး ကာနယ်စလေဒင်ထံအပ်ခဲ့ကြောင်း၊ အဆိုပါပစ္စည်းတွေရဲ့ တန်းဖိုးက အနည်းဆုံး ကုဋေ ၅၀ဝ၀ ခန့်ထိုက်တန်ကာ မင်းတုန်းမင်းရဲ့ မိဖုရား၊ ဘွားတော်ဆင်ဖြူမရှင်တို့ပိုင်ဆိုင်တဲ့ ရွှေဒင်္ဂါးတွေအပြင် ရှစ်သိန်းကျော်တန်ဖိုးရှိတဲ့ ဘဏ္ဍာတော်တွေကိုလည်း စလေဒင်ထံအပ်နှံခဲ့ကြောင်း ဖော်ပြထားပါတယ်။
အင်္ဂလိပ်တို့သိမ်းယူသွားတဲ့ နန်းတွင်း ရတနာပစ္စည်းတွေ စာရင်းပြုစုရာမှာ စတုတ္ထသမီးတော်အရေးတော်ပုံစာတမ်းတစ်ခုတည်းနဲ့ မလုံလောက်ကြောင်း၊ သိမ်းဆည်းခံရတဲ့ပစ္စည်းတွေ ပိုများနိုင်ကာ စာရင်းဇယားတွေ တိကျခိုင်မာစေဖို့ ရှေ့နေတွေနဲ့ ဆောင်ရွက်ရမှာဖြစ်ကာ လန်ဒန်ရှေ့နေတွေက စာရွက်စာတမ်းတွေ ရှာဖွေပေးမှာဖြစ်လို့ အဆိုပါလုပ်ငန်းတွေအတွက်လုပ်ငန်း စတင်နေပြီလို့ ဦးစိုးဝင်းက ပြောပါတယ်။
Source : The Voice
Photos : Kyawsoe Thein Myanmar Old Photos
Credit: Duwun

Reviewed by Unknown
on
7:51 AM
Rating:
Reviewed by Unknown
on
7:51 AM
Rating:

Post a Comment