အကြမ်းဖက်သမားများ၏ အသည်းကို ဝါးစားမည်ဟု ဖိလစ်ပိုင် သမ္မတ ခြိမ်းခြောက်
အကြမ်းဖက်သမားများ၏ အသည်းကို ဝါးစားပစ်မည်ဟု ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ခြိမ်းခြောက် ပြောကြားလိုက်သည်။
အငြင်းပွားဖွယ် မှတ်ချက်စကားများကြောင့် လူသိများသည့် ဒူတာတေးက အကြမ်းဖက်မှုအပေါ် ၎င်း၏ ရွံရှာမုန်းတီးစိတ်ကို ယခုလို ဥပမာပြု မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုလ အစောပိုင်းက အဘူဆေယက်ဖ် စစ်သွေးကြွများနှင့် ဖိလစ်ပိုင် လုံခြုံရေး တပ်ဖွဲ့များ ဘိုဟိုလ်ကျွန်းတွင် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး ဖိလစ်ပိုင် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့သည့်နောက် ဒူတာတေးက အကြမ်းဖက်သမားများကို ရည်ရွယ်ပြီး ယခုလို သတိပေးခဲ့ခြင်း ဖြစ်သည်။
“ငါမင်းတို့ကို ဝါးစားပစ်မယ်။ ငါ့ကို ဆားရယ်၊ ရှာလကာရည်ရယ် ပေး။ တကယ်ပြောတာ။ အရူးလို ဖြစ်ချင် ဖြစ်ပါစေ။ အကြမ်းသမားဆိုတဲ့ကောင် တစ်ကောင်ကို ခေါ်လာခဲ့။ သူ့အသည်းကို ငါစားပြမယ်”ဟု ဒူတာတေးက ကြိမ်းမောင်းခဲ့သည်။
အဘူဆေယက်ဖ် အုပ်စုများက ကမ္ဘာလှည့် ခရီးသွားများကြား ထင်ရှားသည့် ဘိုဟိုလ်ကျွန်းသို့ ချဉ်းကပ်ကာ နိုင်ငံခြားသားများကို ပြန်ပေးဆွဲရန် အားထုတ်ရာမှ ဖိလစ်ပိုင် လုံခြုံရေး တပ်ဖွဲ့များနှင့် ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ခြင်းဟု သိရသည်။
ဒူတာတေးသည် ပြီးခဲ့သည့်နှစ် ဇွန်လက ဖိလစ်ပိုင် သမ္မတ ရာထူးကို စတင်တာဝန်ယူခဲ့ပြီး မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများကို အကြမ်းနည်းဖြင့် ဖြိုခွင်းစေခဲ့ရာ လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့သည်။ ၎င်းသည် ဒါဗာအို မြို့တော်ဝန် ဘဝက ရာဇဝတ် ဂိုဏ်းသားများကို ကိုယ်တိုင် ကွပ်မျက်ခဲ့ဖူးကြောင်းလည်း ထုတ်ဖော် ဝန်ခံခဲ့ဖူးသည်။
အကြမ်းဖက်သမားများနှင့် ပတ်သက်၍ ၎င်း၏ သဘောထားကို ကြေညာရာ၌ ဒူတာတေးက “ဒီကောင်တွေက တိရစ္ဆာန်တွေပဲ။ ဒါပေမဲ့ သူတို့လိုပဲ ကျုပ်ကို သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်စေချင်ရင်လည်း ရတယ်။ သူတို့နဲ့ တူအောင် တုံ့ပြန်ပြမယ်။ မဟုတ်ဘူး။ သူတို့ထက် အဆ ၅၀ ဆိုးတာမျိုး လုပ်ပြနိုင်တယ်”ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
Ref: CNN

Reviewed by Unknown
on
8:15 AM
Rating:
Reviewed by Unknown
on
8:15 AM
Rating:

Post a Comment