ရှေ့ဖြစ်အလားအလာတွေကိုကြိုတင်ခန့်မှန်းဖို့ မျက်လုံးလှုပ်ရှားမှုကို သုတေသီတွေလေ့လာနေ
ဧပြီ ၁၈ – အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်က သုတေသီနှစ်ယောက်ဟာ လူတွေရဲ့မျက်လုံးလှုပ်ရှားမှုတွေကို ခြေရာခံတဲ့နည်းနဲ့ ရှေ့မှာဖြစ်တော့မယ့် ပျော်စရာအချိန်ကာလ ဒါမှမဟုတ် ရှေ့ဖြစ်ရပ်တစ်ခုခုကို ကြိုတင်ခန့်မှန်း နိုင်ခဲ့ပါတယ်။ PNAS ဂျာနယ်မှာအသေးစိတ်ဖော်ပြထားတဲ့ သည်သုတေသနဟာ ထိုးထွင်းသိမြင်တဲ့အကြောင်းလေ့လာနေတဲ့ သိပ္ပံပညာရှင်တွေအတွက် ပိုပြီးတော့အထောက်အကူပြုမှာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ကွန်ပျူတာမှာ မဟာဗျူဟာမြောက်ဂိမ်းတွေကစားနေတဲ့လူတွေရဲ့ မျက်လုံးလှုပ်ရှားမှုတွေကို ခြေရာကောက်ခဲ့ကြပါတယ်။ မျက်လုံးလှုပ်ရှားမှုပုံစံတွေဟာ ဂိမ်းကစားသူတိုင်းရဲ့ မဟာဗျူဟာတွေနဲ့ အပြီးသတ်လုပ်ဆောင်မှုတွေရဲ့ဆင့်ကဲဖြစ်စဉ်တွေကို ထုတ်ဖော်ပြသနေပြီး ဂိမ်းအောင်နိုင်တော့မယ့် မဟာဗျူဟာ တစ်ရပ်ဖြစ်လာမယ့် အချိန်ကို ကြိုပြီးတော့ ခန့်မှန်းနိုင်ခဲ့ပါတယ်။
‘ ကျွန်တော်တို့ဟာ ဒီဂိမ်းကစားသူတွေ ကစားကွက်ကိုစဉ်းစားနေချိန် သူတို့မျက်လုံးလှုပ်ရှားမှုကိုကြည့်ပြီးတော့ သူတို့ ဂိမ်းကစားတာအောင်မြင်တော့မယ်အဖြေကိုဖော်ထုတ်နိုင်တော့မယ်ဆိုတာကို ကျွန်တော်တို့မြင်နိုင်ပါတယ်။ ဒီလိုရှေ့ဖြစ်မယ့်အခြေအနေကို သူတို့မသိလိုက်သေးခင်မှာပဲ ကျွန်တော်တို့က ကြိုတင်ခန့်မှန်းလို့ရပါတယ်’ လို့ အိုဟိုင်းယိုး ပြည်နယ်က စိတ်ပညာနဲ့စီးပွားရေးပညာတွဲဘက်ပါမောက္ခ အီရန်ကရာဂျီဘစ်က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်မှာ ပြောပါတယ်။ သည်ဂိမ်းမှာ ပါဝင်သူတွေကို မသိမြင်နိုင်တဲ့ ဆန့်ကျင်ဘက်ကစားသမားတွေနဲ့ယှဉ်ပြိုင်ခိုင်းပြီး ကစားသူတိုင်းဟာ အကြိမ်သုံးဆယ်ကစားရပြီး တစ်ပွဲစီမှာ ပြိုင်ဘက်အသစ်တစ်ဦးစီနဲ့ကစားရပါတယ်။ ဂိမ်းကစားနည်းကရိုးရှင်းပြီး ကစားသမားတိုင်းဟာ စက်ဝိုင်းထဲမှာရှိတဲ့ သုညကနေ ၁၀အထိ ဂဏန်းတွေထဲက တစ်ခုကို ရွေးယူရပါတယ်။
ဒါပေမဲ့ ဂိမ်းရဲ့စည်းကမ်းချက်တွေကရှုပ်ထွေးပြီး ဂဏန်းတစ်လုံးတည်းနဲ့ ပြိုင်ဘက် ကစားသမားကို ဘယ်လိုနိုင်အောင်လုပ်တာလဲဆိုတာကလည်း သေချာမသိရပါဘူး။ ဂိမ်းတစ်ပွဲစီပြီးတာနဲ့ ကစားသူတွေဟာ သူတို့ရဲ့နောက်ပြိုင်မယ့်သူတွေအတွက် ဂဏန်းတစ်လုံးကိုသာ ရွေးချယ်ခွင့် ပေးထားပြီး သည်ထဲမှာ ဂိမ်းကစားသူ ၄၃ ရာခိုင်နှုန်းဟာ တဖြည်းဖြည်းနဲ့ ဂဏန်းသေးလေ အောင်မြင်နိုင်လေ ဆိုတာကို သဘောပေါက်လာကြပါတယ်။ သည်လိုကြိုတင်သိမြင်လာပြီးနောက် သူတို့ဟာ သုညနံပါတ်ကိုသာ ရွေးချယ်ဖို့ဆုံး ဖြတ်လာကြပါတယ်။ ‘ အဲဒီမှာ သူတို့ရဲ့အပြုအမူတွေ ရုတ်တရက်ပြောင်းလဲသွားကြတယ်။ သူတို့ဟာ အခြားနံပါတ်တွေကိုရွေးနေရင်းနဲ့ ရုတ်တရက် သုညကိုပဲ ပြောင်းပြီးရွေးကြတယ်။ ဒါဟာ ရှေ့ဖြစ်လာမှာကိုသိနေတဲ့ ၀ိသေသလက္ခဏာတစ်ခုပဲ’ လို့ ကရာဂျီဘစ်ကပြောပါတယ်။
ဒါပေမဲ့ နံပါတ်ရွေးချယ်တဲ့ပုံစံကြောင့် ရှေ့မှာဖြစ်လာမှာကိုကြိုသိတာမျိုးမဟုတ်ဘဲ မျက်လုံးရဲ့လှုပ်ရှားမှုကြောင့်သာ ကြိုသိလာတာဖြစ်တယ်လို့ ဆိုပါတယ်။ အိုဟိုင်းယိုးပြည်နယ်က စီးပွားရေးဘွဲ့လွန် တက်နေတဲ့ ဂျိမ်းစ်ဝေချန်းကလည်း သည်လိုရှေ့ဖြစ်လာမယ့်ဖြစ်ရပ်မျိုးကို နံပါတ်ရွေးချယ်မှုကြောင့် သိတာ မဟုတ်ဘဲ သူတို့မျက်လုံးတွေကိုကြည့်ပြီးသိရတာဖြစ်တယ်လို့ ပြောပါတယ်။
ချိုလေးငယ်
ref:UPI. Apr 17, 2017
ရှေ့ဖြစ်အလားအလာတွေကိုကြိုတင်ခန့်မှန်းဖို့ မျက်လုံးလှုပ်ရှားမှုကို သုတေသီတွေလေ့လာနေ
Reviewed by Unknown
on
7:34 AM
Rating:
Reviewed by Unknown
on
7:34 AM
Rating:


Post a Comment