Header AD

“သာကေတမြို့နယ် မူးယစ်ဆေးဝါးနဲ့လက်နက်များဖမ်းဆီးရရှိမှု နောက်ဆက်တွဲ ကွင်းဆက်များကို ဆက်လက်စုံစမ်းမည်”

ရန်ကုန်။ ဧပြီ  ၁၉ – သာကေတမြို့နယ်၊ မူးယစ်ဆေးဝါးများနဲ့လက်နက်များ ဖမ်းဆီးရရှိမှု နောက်ဆက်တွဲ ကွင်းဆက်များကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
ဧပြီလ ၁၈ ရက်နေ့(မနေ့က) သာကေတမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သတ်သတင်းရရှိတဲ့အတွက်ကြောင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နှင်းရေးအဖွဲ့မှ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ရာ သာကေတမြို့နယ်၊ ၆/ အနောက်ရပ်ကွက်မှ နေအိမ်မှာ မူးယစ်ဆေးဝါးများနဲ့လက်နက်များကို ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
အဆိုပါနေအိမ်မှာ အမျိုးသား ၆ ယောက်ကို လည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပါတယ်။
အဲသည့်နောက် ဆက်စပ် ကွင်းဆက်များထပ်မံစုံစမ်းရာ သာကေတမြို့နယ်( ၉) ရပ်ကွက်မှ နေအိမ်အတွင်း မူးယစ်ဆေးဝါးများထပ်မံတွေ့ရှိခဲ့တဲ့အတွက်ကြောင့် အဲသည့်နေအိမ်မှ အတူနေအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။
“သူတို့မှာ ဆက်စပ်အမှုတွဲတွေ ရှိနေတယ်ဗျ၊ သူတို့အဲ့ဒီအမှုကို ဆက်လိုက်နေတယ် သာကေတမှာလည်း ဖြစ်ချင်ဖြစ်မယ်၊ တခြားအပြင်မှာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီမှာကတော့ မူးယစ်ဆေးဝါးနဲ့ လက်နက်ပစ္စည်းမိတယ်ပေါ့” လို့ သာကေတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးအောင်က ပြောပါတယ်။
ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက်မှ နေအိမ်ဟာ အထပ်မြင့်တိုက်ခန်း(၆)ထပ်းဖြစ်ပြီး အောက်ဆုံးအထပ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲသည့်နေအိမ်အတွင်းကို ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ရဲတပ်ဖွဲ့မှ သေနတ်တစ်ချက် ပစ်ဖောက်ဖမ်းဆီးခဲ့ရတယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။
အဲဒီလူတွေဟာ ရပ်ကွက်ထဲကို ပြောင်းရွေ့နေထိုင်တာ ရက်ပိုင်းမျှသာရှိသေးတယ်လို့ သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရုတ်တရက်ဝင်ရောက် ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးအများအပြား တွေ့ရှိခဲ့တယ်လို့ ကနဦးသတင်းများအရ သိရပါတယ်။
အဲသည့်ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့တဲ့ ဆေးပြားအရေအတွက်၊ ကာလတန်ဖိုးနဲ့ ဆက်စပ်ပြီး သတင်းအချက်အလက်များကိုတော့ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
လက်ရှိအခြေအနေမှာ ဖမ်းဆီးထားတဲ့ လူရှစ်ဦးကို  သက်ဆိုင်ရာမှစစ်ဆေးနေတယ်လို့ သိရပါတယ်။
“ဖမ်းဆီးထားတဲ့ လူရှစ်ဦးကို နယ်မြေခံစခန်းမှာတော့ အမှုမဖွင့်ဘူးကြားတယ် မြို့နယ်ကိုလည်း သတင်းတက်မလာသေးဘူးဗျ။ သတင်းအပြည့်အစုံကိုတော့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်မှ သိရမယ်။ မြို့နယ်ကိုတော့ သတင်းတက်မလာဘူး” လို့သာကေတမြို့နယ် ရဲမှူး ကျော်ဝင်းက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ပစ္စည်းများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးခံရသူ ရှစ်ဦးကို ညနေသုံးနာရီခန့်မှာ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဌာနကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အမှုကို မူးယစ်ဆေးဝါးအထူးနှိမ်နှင်းရေးတပ်ဖွဲ့ကတိုက်ရိုက်ကိုင်တွယ်နေတယ်လို့သိရပါတယ်။
တောင်ပိုင်းခရိုင်မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးအဖွဲ့မှ ရဲအုပ် ထွန်းသိန်းဇော်က “သီးခြားအဖွဲ့ဖွဲ့ပြီးစစ်ဆေးတာ။လက်နက်တွေလည်းပါတယ်လို့ကြားတယ်။ ပစ္စည်းတွေကများလို့ရေတွက်နေဆဲပဲရှိသေးတယ်။ဘယ်တော့ထုတ်ပြန်မလဲဆိုတာကိုတော့ မသိသေးဘူး “ လို့ပြောပါတယ်။
အဲသည့်နေအိမ်များကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ချိန်မှာ ရပ်ကွက်နေပြည်သူအများအပြား လာရောက်ကြည့်ရှုခဲ့ကြပြီး နေအိမ်ကို ဓါတ်ပုံရိုက်ခြင်းများကို လည်း သက်ဆိုင်ရာမှပိတ်ပင်တားမြစ်ခဲ့ တယ်လို့သိရပါတယ်။
Author ဝင်းနန္ဒာ
“သာကေတမြို့နယ် မူးယစ်ဆေးဝါးနဲ့လက်နက်များဖမ်းဆီးရရှိမှု နောက်ဆက်တွဲ ကွင်းဆက်များကို ဆက်လက်စုံစမ်းမည်” “သာကေတမြို့နယ် မူးယစ်ဆေးဝါးနဲ့လက်နက်များဖမ်းဆီးရရှိမှု နောက်ဆက်တွဲ ကွင်းဆက်များကို ဆက်လက်စုံစမ်းမည်” Reviewed by Unknown on 7:33 AM Rating: 5

Post AD