Expendables 4 မှာ စတားလုံးမပါရင် သရုပ်မဆောင်နိုင်ဘူးဆိုတဲ့ အာနိုး
ကမ္ဘာကျော်သရုပ်ဆောင်ကြီး စတားလုံးဟာ The Expendables ဇာတ်လမ်းတွေကနေ နှုတ်ထွက်တော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးတဲ့နောက် အာနိုးက အခုလို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
Expendabls 4 ကို ရိုက်ကူးဖို့ ပြင်ဆင်ပြီးဖြစ်ပေမဲ့ စတားလုံးဟာ ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူ Avi Lerner နဲ့ ညှိနှိုင်းမရဖြစ်ခဲ့လို့ စတားလုံးက နှုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။
အခုတော့ အာနိုးကလည်း စတားလုံးမပါရင် သူလည်း မပါနိုင်ဘူးလို့ ပြောလာပါတယ်။
"Sly (စတားလုံး) မပါဘဲ Expendables က ဖြစ်မလာနိုင်ဘူး။ သူမပါဘဲနဲ့တော့ လုံးဝမရိုက်နိုင်ဘူး" လို့ အာနိုးက Entertainment Weekly ကို ခပ်ပြတ်ပြတ်ပဲ ပြောခဲ့ပါတယ်။
Expendables ပထမ ၃ ကားမှာ Trench အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အာနိုးဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတော့ သူသေချာမသိကြောင်း ဆိုပါတယ်။
"ဇာတ်ညွှန်းကို ကျွန်တော်မကြည့်ရသေးပါဘူး။ ဇာတ်ညွှန်းရှိပြီလားတောင် ကျွန်တော်မသိဘူး။ ခါတိုင်းလိုပဲ သြဂုတ်လမှာ ရိုက်ချင်တယ်လို့တော့ ပြောတာပဲ" လို့ သူက ဆိုပါတယ်။
အာနိုးအတွက် စတုတ္ထမြောက်ဇာတ်ကားမှာ စတားလုံး ပါဝင်ဖို့ လိုအပ်တာက အဓိကကျတဲ့ အချက်တစ်ချက်ပါ။ နောက်တစ်ခုအနေနဲ့ သူသရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်က ဖြစ်သင့်ဖြစ်ထိုက်တဲ့ တိုးတက်မှုမျိုး ရှိတယ်လို့ မခံစားရရင်တော့ မရိုက်နိုင်ဘူးလို့လည်း ဆိုပါတယ်။
"ပထမဇာတ်ကားနဲ့ ဒုတိယဇာတ်ကားက ကောင်းပါတယ်။ ဒါပေမဲ့ တတိယဇာတ်ကားမှာတော့ ကျွန်တော့်အပိုင်းကို သေချာမရေးထားဘူးလို့ ထင်တယ်။ ကျွန်တော်လည်း ဇာတ်ကားထဲမှာ ကောင်းကောင်းသရုပ်မဆောင်နိုင်ခဲ့ဘူး။ တခြားလူတွေရဲ့အမြင်နဲ့တော့ ကွာခြားချင် ကွာခြားမှာပေါ့။ ဒါပေမဲ့ အဲဒီကားမှာ ကျွန်တော့်ရဲ့တန်ဖိုး ရှီတယ်လို့ မထင်ဘူး။ အဲဒီဇာတ်လမ်းတွဲကို ကြိုက်ပါတယ်။ Sly မှာ စိတ်ကူးကောင်းတွေရှိတယ်လို့ ထင်တယ်။ ကျွန်တော့်အပိုင်းနဲ့ ပတ်သက်ပြီး ဇာတ်ညွှန်းကောင်းကောင်းရေးထားမယ်ဆိုရင်တော့ ကျွန်တော် သရုပ်ဆောင်မှာပါ။ မဟုတ်ရင်တော့ မလုပ်နိုင်ဘူး" လို့လည်း အာနိုးက ဆိုပါတယ်။
စတားလုံး ပူးတွဲရေးသားပြီး ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ “The Expendables” ဇာတ်ကားဟာ ၂၀၁၀ ပြည့်နှစ်က ပထမဆုံးကားကို ပြသစဉ်မှာ ထုတ်လုပ်မှုစရိတ် ဒေါ်လာ သန်း ၈၀ ကုန်ကျခဲ့ပြီး ဝင်ငွေက ဒေါ်လာ ၂၇၄ သန်းတောင် ရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇာတ်ကားမှာတော့ အသုံးစရိတ်ကို ဒေါ်လာ သန်း ၁၀၀ မြှင့်တင်ခဲ့သလို ကမ္ဘာတဝှမ်းကရရှိတဲ့ ဝင်ငွေကလည်း ဒေါ်လာ ၃၁၄ သန်းအထိ ရရှိခဲ့ပါတယ်။ တတိယကားဖြစ်တဲ့ “The Expendables 3” ကတော့ ဇာတ်ကားသိပ်မကောင်းသလို ဝင်ငွေကလည်း အနည်းဆုံးဖြစ်ကာ ဒေါ်လာ ၂၁၄ သန်းသာ ရရှိခဲ့ပါတယ်။
Source & Photos : CBR

Reviewed by Unknown
on
1:49 AM
Rating:
Reviewed by Unknown
on
1:49 AM
Rating:

Post a Comment