Header AD

ပြောမထွက်တဲ့စကား

မနက် (၇) နာရီခွဲ ကျော်ကျော်ပဲ ရှိသေးတယ်။
‘ကိုစံရိုး’ တို့အိမ်မှာ ရန်ဖြစ်နေကြပြီ။
‘ကိုစံရိုး’က အရက်မူးပြီး အိမ်ကို ပြန်လာတယ်။ တစ်ညလုံး မူးနေတာ။သူငယ်ချင်းတစ်ယောက်အိမ်မှာ အိပ်တယ်။ မနက်အစောကြီးမှ အိမ်ကို ပြန်လာတယ်။ ဒီတော့ …တစ်အိမ်လုံးက ‘ကိုစံရိုး’ ကို မကြည်ဖြူကြ။

‘ကိုစံရိုး’ မှာ သားသမီး (၃) ယောက် ရှိတယ်။
အကြီးဆုံးသားသည် ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်း။
အလတ်မနှင့် အငယ်မက တက္ကသိုလ်ကျောင်းသူကြီးတွေ။
‘ကိုစံရိုး’ က ဓာတ်ဆီဆိုင်မှာ ပန့်ကိုင်တဲ့အလုပ် လုပ်တယ်။ ဓာတ်ဆီဆိုင်တွေကို ပုဂ္ဂလိက လွှဲလိုက်တော့ ‘ကိုစံရိုး’ အလုပ်ပြုတ်တော့တယ်။ အလုပ်လက်မဲ့ဖြစ်နေတာ (၂) လလောက်ရှိပြီ။ ဝင်ငွေမရှိတဲ့ ဖခင် ဆိုတော့ အိမ်နဲ့ သိပ်ပြီး အဆင်မပြေ။ အရက်သောက်တဲ့ အကျင့်ကလည်း ဖျောက်လို့မရ။

“အဖေ။ခင်ဗျားဗျာ……၊ အရက်သောက်ရင် အိမ်ပြန်မလာနဲ့”
“အဖေနော် . . .သမီးတို့က ရှက်တယ်။ အဖေက ဒီအရက်တွေ သောက်နေရင် သမီးတို့နဲ့ မနေနဲ့”
“ကိုစံရိုး . . .ရှင့်မျက်နှာ ကျွန်မ မကြည့်ချင်ဘူး။ ရှင်က အလုပ်ကလည်း မရှိ၊ ဝင်ငွေကလည်း မရှိ။ အရက်ကလည်း သောက်လိုက်သေးတယ်။ ကျွန်မတို့ မိသားစုကို ဒုက္ခမပေးပါနဲ့”
‘ကိုစံရိုး’ က နာမည်နဲ့လိုက်အောင် ရိုးတယ်။ အေးတယ်။ ရတဲ့ဝင်ငွေနှင့် မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်တယ်။ ဒါပေမဲ့ . . .အခုတော့ အလုပ်လက်မဲ့ ဖြစ်နေပြီ။ သူ့လုပ်အားနှင့်၊ သူ့ချွေးနှင့် သူ့မိသားစုကို ချစ်နေသူ …..။ အခုတော့ တစ်အိမ်လုံးက သူ့ကို မကြည်ဖြူ ကြ။

မနေ့ညက ‘ကိုစံရိုး’ ကျွန်တော့်အိမ်ကို ရောက်လာတယ်။
“ကိုစံရိုး အရက်တွေ ပြန်သောက်နေတယ်ဆို”
“ဟုတ်တယ်”
“ဘာဖြစ်လို့လဲဗျာ။ မနက်မနက်ဆိုရင် ခင်ဗျားတို့အိမ်က ကျက်သရေမရှိဘူး။ အော်ကြ၊ ဟစ်ကြ၊ ငိုကြ၊ ယိုကြနဲ့”
“က်ဳပ္က ေ

သာက်ချင်လို့သောက်တာ မဟုတ်ဘူး။ ကျုပ်ကို ကျုပ်သားသမီးတွေက နားမလည်လို့။ ကျုပ်မိန်းမက ကျုပ်ကို ကိုယ်ချင်းစာစိတ်မရှိလို့ စိတ်ညစ်ပြီး သောက်တာ။ အလုပ်ကလည်း ရှာလို့မရပါဘူး”
“ဒီနေ့ညတော့. . . ခင်ဗျား မသောက်ပါလားဗျ”
“ဟုတ်ကဲ့ပါ။ ကျုပ် ခင်ဗျားနဲ့ စကားပြောချင်လို့ မသောက်ဘဲ လာခဲ့တာ။ အရက်သောက်ထားတဲ့ ပါးစပ်နဲ့ပြောရင် ကျုပ်စကားတွေ တန်ဖိုးမဲ့မှာစိုးလို့ပါ”
ဒီလိုနှင့် အိမ်ရှေ့က စိန်ပန်းပင်အောက်မှာ စကားတွေ ပြောဖြစ်ကြတော့သည်။
“ကျုပ်တို့ဖခင်တွေက သားသမီးတွေကို ဘယ်တော့မှ ပြောမထွက်တဲ့စကားတွေ ရှိတယ်။ အဲ့ဒါကို ကျုပ် ပြောပြချင်တယ်…..”

‘ကိုစံရိုး’ ပြောတဲ့ စကားတွေက သားသမီးတွေအတွက် မှတ်သားထိုက်တယ်။ သူ့ရင်ဘတ်ကြီးနဲ့ ရင်းပြီးပြောတဲ့စကား။ သူက (၈) တန်းမျှသာ ကျောင်းနေဖူးသူ …။ သို့သော် ဖခင်တစ်ယောက်ရဲ့ ခံစားချက်နဲ့ မေတ္တာတရားက အားလုံးအတူတူ ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ သူ့စကားတွေကို ကျွန်တော်လည်း ရင်နှင့်အမျှ ခံစားခဲ့ရတယ်။ သူပြောတာတွေကို တစ်ဆင့် ဖောက်သည်ချပြပါရစေ။

“သားသမီးတွေက အိမ်ပြန်လာတိုင်း ကျုပ်က ဧည့်ခန်းထဲမှာ ထိုင်နေတယ်။ သူ့အမေကို မမြင်တော့ ‘အမေရော’ လို့ မေးကြတယ်။ သူ့အမေ ငုတ်တုတ်ထိုင်နေတဲ့ အခါကျတော့ ‘အဖေရော’ လို့ မမေးကြဘူး။ ကျုပ် ခံစားရတယ်ဗျာ”

“မတွေးမိကြလို့ပါ။ သားသမီးတွေက ကျောင်းလိုက်ပို့ပေးတဲ့ သူတို့အမေကိုတော့ ချစ်လိုက်ကြတာ။ ကျုပ်က ကျောင်းကို လိုက်ပို့မပေးနိုင်ဘူး။ ဒီတော့ ကျုပ်က သူတို့ကို မချစ်ဘူးလို့ ထင်ကြရော။ ကျုပ်ကလည်းအလုပ်ကို အစောကြီး သွားရတယ်လေ။ ဘယ်လိုလုပ်ပြီးပို့ချိန်ရမှာလဲ။ ဒီတော့. . . ကျုပ် ပြောချင်တယ်။ ဒီမယ် . . .သားတို့၊ သမီးတို့ မင်းတို့ကျောင်းသွားဖို့ စီးနေတဲ့ စက်ဘီးက ဒီကောင်ကြီး ဝယ်ပေးထားတာပါ။ ခက်တယ်ဗျာ။ မကြည့်တတ်၊ မမြင်တတ်တဲ့ သူတွေကို ကြည့်တတ် မြင်တတ်အောင် ပြောရတာ ကိုယ်ရည်သွေးသလို ဖြစ်ဖြစ်နေတယ်။ သူတို့ကို မပြောချင်ဘူးဗျာ”

“ဒီမယ် သေချာ စဉ်းစားကြည့်ကြစမ်းပါ။ သားသမီးတွေရဲ့ ပါးစပ်ထဲကို ထမင်းတွေ ခွံ့ကျွေးတဲ့ အမေ။ ထမင်းပန်းကန်ထဲကို ထမင်းခူးပေးတဲ့အမေ။ မီးဖိုချောင်ထဲက တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့ အမေ။ သူတို့အမေကိုတော့ သူတို့က ချစ်လိုက်ကြတာ။ ချစ်ကြမှာပေါ့။ သူတို့အမေ အလုပ်လုပ်နေတာကို မြင်ကြရတာကိုး။ အဲ့ဒီထမင်းတွေ ဖြစ်လာဖို့ ကျုပ်တို့ ဘယ်လောက်အထိ သူတို့ကွယ်ရာမှာ အလုပ်လုပ်နေရတယ်ဆိုတာ သူတို့က မတွေးမိကြဘူးဗျ။
ကျုပ်တို့ ဖခင်တွေက ယောကျာ်းသားတွေပါ။ မာနရှိတယ်၊ သတ္တိရှိတယ်။ မဟုတ်ရင် ငုံ့မခံဘူး။ ဒါပေမဲ့ဗျာ . . .သားကျွေးမှု၊ မယားကျွေးမှုအတွက် ကျုပ်တို့ရဲ့ အလုပ်ရှင်က ကျုပ်တို့အပေါ်မှာ ဘယ်လိုပဲ ဆက်ဆံ ဆက်ဆံ၊ ဘယ်လိုပဲ ဗိုလ်ကျကျ သားသမီးလေးတွေရဲ့ မျက်နှာကိုငဲ့ပြီး ယောကျာ်းမာနကို ချိုးနှိမ့်ခဲ့ရတယ်။ ယောက်ျားသတ္တိကို မျိုချထားရတယ်ဗျ။ ကျုပ်လည်း ကျုပ်သားသမီးတွေကို ချစ်တာပေါ့။ သူတို့အမေ ချစ်တာထက် ကျုပ်မလျော့ဘူး။ ပိုရင်သာ ပိုမယ်။ ဒါပေမယ့် ကျုပ်တို့လို ဖခင်တွေရဲ့အချစ်ကို ဘယ်သားသမီးကမှ မခံစားတတ်ပါဘူးဗျာ”

“သားသမီးဆိုတာ ရေချိုးပေးတဲ့ အမေ့ကိုသာ ချစ်တတ်ကြတာပါဗျာ။ စဥ့်အိုးထဲကို ရေအပြည့် ထမ်းထည့်ပေးထားတဲ့ ကျုပ်တို့ဖခင်တွေကိုတော့ ချစ်ရကောင်းမှန်း မသိကြပါဘူး။ သူတို့အမေကလည်း သင်မပေးဘူးဗျ”

“ဒီလိုပဲ သရက်သီးခူးကျွေးတဲ့ သူတို့အမေကိုတော့ ကျေးဇူးတင်လိုက်ကြတာ။ ချစ်လိုက်ကြတာ။ ဒီသရက်ပင်ကို မိုးထဲ၊ လေထဲ၊ ရွှံ့ထဲ၊ ဗွက်ထဲမှာ အအေးမိခံပြီး စိုက်ပျိုးပေးခဲ့တဲ့ ကျုပ်တို့လို ဖခင်တွေရဲ့ နှလုံးသားကိုတော့ နားမလည်ကြဘူး၊ မမြင်ကြဘူး။ မြင်တတ်အောင် အမေတွေက မပြောကြဘူး”

“သားသမီးတွေက သူတို့အမေရဲ့ နို့ဖိုးကိုသာ မြင်လွယ်ကြတာပါဗျာ။ ကျုပ်တို့လို ဖခင်တွေရဲ့ ချွေဖိုးကိုတော့ တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး။ တစ်သက်လုံး စို့နေတဲ့ ချွေးကို နို့လောက် မချိုမြိန်ဘူးလို့ ထင်တတ်ကြတယ်ဗျာ”

“ထီးမိုးပေးတဲ့ အမေ့ရဲ့မေတ္တာကိုတော့ ချက်ချင်း သိတတ်လိုက်ကြတာ။ လုံခြုံနွေးထွေးတဲ့ဘဝတွေကို ဖန်တီးပေးနေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ မေတ္တာကိုတော့ မသိကြ၊ မမြင်ကြဘူး။ ဝမ်းနည်းတယ်ဗျာ”

“သားသမီးတွေက ခက်တယ်ဗျ။ သောက်ရေအိုးထဲက ရေအေးအေးကို ခပ်ပြီးတိုက်တဲ့ အမေ့ကိုတော့ ချစ်ကြတယ်။ အဲဒီသောက်ရေအိုးကို ရေအပြည့် ဖြည့်ပေးထားတာ ကျုပ်တို့အဖေတွေပါဗျ။
ဒီလိုပြောရမှာ ရှက်တယ်ဗျာ။ ဘယ်သားသမီးကိုမှ ကျုပ်တို့အဖေတွေက ဒီလိုကြီး မပြောချင်ဘူး”

“ပန်းပန်ပေးတဲ့ မိခင်ရဲ့ အချစ်ကိုသာ ခံစားတတ်ကြတာပါ။ ပန်းပင်ကိုပျိုးပြီး ပန်းကလေးတွေ ပွင့်လာအောင် ရေလောင်းပေါင်းသင်ပေးနေတဲ့ ကျုပ်တို့လို ဖခင်တွေရဲ့ အချစ်ကိုတော့ သူတို့လေးတွေ မခံစားတတ်ကြပါဘူး။ သိစေချင်တယ်ဗျာ”

“ဘီယာတစ်ခွက်၊ အရက်တစ်ပတ်နဲ့ ကျုပ်ရဲ့ မေတ္တာကို တန်ဖိုးမဲ့သွားအောင် ကျုပ်မိန်းမက သားသမီးတွေကို သွေးထိုးပေးတတ်တယ်ဗျ။ ကျုပ်မှာလည်း အပေါင်းနဲ့၊ အသင်းနဲ့။ တစ်ခါတလေလည်း အလိုက်အထိုက်ဆိုတာ ရှိတာပေါ့။ ကျုပ် ဘာပဲလုပ်လုပ် ကျုပ်သားသမီးနဲ့ ကျုပ်မိန်းမအတွက် စဉ်းစားခဲ့တာချည်းပဲ။
သူတို့က ဒါတွေ ထည့်ပြီး မတွက်ကြပါဘူးဗျာ။ အိမ်ရှင်မတွေက သူတို့ပြောချင်တဲ့ စကားတွေကို တိုက်ရိုက်မပြောဘူးဗျ။ သားသမီးတွေကို သွေးထိုးပေးတယ်။ သားသမီးတွေကတစ်ဆင့် ပြောခိုင်းတယ်။ ဒီလိုနဲ့ သားသမီးတွေက ကျုပ်ကို မုန်းသွာကြရော။ မုန်းအောင် သင်ပေးနေတာတော့ မဟုတ်ဘူး။ မချစ်တတ်အောင် သင်ပေးသလို ဖြစ်နေတော့တယ်”

“မိကောင်းဖခင် ဆိုတဲ့စကားကို အိမ်က မိန်းမတွေ သဘောပေါက်သင့်တယ်။ မြန်မာစကားက အဓိပ္ပါယ်လေးနက်တယ်ဗျ။ မိကောင်းဖခင်ဆိုတာ ‘အမိကောင်းမှ အဖကို ခင်တယ်’ လို့ ဆိုလိုတာ။ အဖကို မခင်တွယ်တဲ့ သားသမီးဖြစ်နေရင် အဲဒီ သားသမီးရဲ့မိခင် မကောင်းလို့ပဲ။ အခု ကျုပ်သားသမီးတွေက ကျုပ်ကို ချစ်ရကောင်းမှန်း မသိကြဘူး။ ‘အမိ မကောင်းတော့ အဖကို မခင်ဘူး။ မချစ်ဘူးပေါ့’ ဗျာ။ ကျုပ်လည်း ကျုပ်သားသမီးတွေရဲ့ အချစ်ကို ခံချင်တာပါပဲဗျာ”

‘ကိုစံရိုး’ ကတော့ ပြောချင်တာ ပြောခွင့်ရလို့ ကျေနပ်သွားတယ်။
သူပြောတဲ့စကားတွေက ကျွန်တော် ပြောချင်နေတဲ့ စကားတွေပါပဲ။
အိမ်ရှင်မတွေ၊ သားသမီတွေ ဖတ်မိကြပါစေလို့သာ...

Credit………….ဦးဘုန်း(ဓာတု)မန္တလေး
ပြောမထွက်တဲ့စကား ပြောမထွက်တဲ့စကား Reviewed by Unknown on 9:57 AM Rating: 5

Post AD