အမေရိကန်စစ်သင်္ဘောအုပ်စု ကိုရီးယားကျွန်းဆွယ်ဘက် ခုတ်မောင်းနေတာမဟုတ်

ဧပြီ ၁၉ – အမေရိကန်လေယာဉ်တင်သင်္ဘောနဲ့အခြားစစ်သင်္ဘောတွေဟာ မြောက်ကိုရီးယားနိုင်ငံဆီ ခုတ်မောင်း နေတာမဟုတ်ဘဲ ဆန့်ကျင်ဘက်အရပ်ကိုသာ ဦးတည်နေတယ်လို့ သိရပါတယ်။
ပြုံယမ်းရဲ့ နျူကလီးယားရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး သဘောထားတင်းမာမှုတွေမြင့်တက်လာနေချိန်မှာ လေယာဉ်တင်သင်္ဘော Carl Vinson ဦးဆောင်တဲ့တိုက်ခိုက်ရေးအုပ်စုဟာ ကိုရီးယာကျွန်းဆွယ်ဆီ ခုတ်မောင်း နေတယ်လို့ အမေရိကန်ရေတပ်က ဧပြီလ ၈ ရက် ကပြောခဲ့ပါတယ်။
စစ်သင်္ဘောအုပ်စုကို စေလွှတ်လိုက်ပြီလို့လည်း ပြီးခဲ့တဲ့သီတင်းပတ်က သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အကုန်က သည်စစ်သင်္ဘောအုပ်စုဟာ ဆွန်ဒါ ရေလက်ကြားကိုဖြတ်ကျော်ပြီး အိန္ဒိယသမုဒ္ဒရာ ထဲကို ဦးတည်ရွေ့လျားနေပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ပစိဖိတ်ကွပ်ကဲရေးဌာနက သူတို့အနေနဲ့ ပါ့သ်မြို့ဆိပ်ကမ်းကို ဝင်ရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပေမယ့် ဧပြီလ ၈ ရက် စင်ကာပူကနေ ထွက်ခွာလာပြီးနောက်ပိုင်း သြစတြေးလျား အနောက်မြောက်ကမ်းလွန်မှာ သြစတြေးလျားစစ်တပ်နဲ့စစ်ရေးလေ့ကျင့်ဖို့ကိုတော့ အစောပိုင်းကတည်းက စီစဉ်ထားတဲ့အတိုင်း ပြီးစီးအောင်ဆောင်ရွက်ခဲ့တယ်လို့ အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။
တိုက်ခိုက်ရေးတပ်စုဟာ အခုချိန်မှာ ညွှန်ကြားထားတဲ့အတိုင်း အနောက်ပစိဖိတ်ဒေသဆီ ဆက်လက်ခရီးဆက် နေပါတယ်။
မြောက်ကိုရီးယားနဲ့အမေရိကန်အစိုးရတို့ကြားမှာ လတ်တလောသီတင်းပတ်တွေအတွင်း သဘောထားတင်းမာမှု တွေ မြင့်တက်နေခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေးတပ်စုရဲ့လှုပ်ရှားမှုတွေက အမေရိကန်က မြောက်ကိုရီးယားအပေါ် လက်ဦးမှုရယူ တိုက်ခိုက်သွားတော့မလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်စေခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ မစ္စတာ ပန့်စ်က မြောက်ကိုရီးယားနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသတွင်း အတွက် အန္တရာယ်အများဆုံး နိုင်ငံဖြစ်ပြီး ဒေသတွင်းလုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက်အဆောတလျင်ဖြေရှင်းရမယ့်အန္တရာယ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်အနေနဲ့ မြောက်ကိုရီးယားအရေးကိုဖြေရှင်းဖို့ တရုတ်အစိုးရနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
ပြုံယမ်းအစိုးရက အပတ်စဉ် ဒုံးကျည်စမ်းသပ်မှုတွေ လုပ်သွားမယ်လို့ပြောခဲ့ပြီး အမေရိကန်အနေနဲ့ စစ်ရေး တိုက်ခိုက်တာတွေလုပ်ဆောင်လာပါက စစ်ပွဲဆင်နွှဲသွားမယ်၊လို့လည်း သတိပေးခဲ့ပါတယ်။
[Ref:BBC; 19 April 2017]
မအေးသီမွန်

Reviewed by Unknown
on
7:26 AM
Rating:
Reviewed by Unknown
on
7:26 AM
Rating:

Post a Comment