Header AD

သည်နှစ်ကုန်ရင် ဘန်ကောက်မှာ လမ်းဘေးဈေးသည်ကင်းရှင်းစေရမယ်လို့ဆို

ဧပြီ ၁၈ – မြို့တော်သန့်ရှင်းရေး၊ဘေးအန္တရာယ်ကင်းရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးတို့အတွက် သည်နှစ်ကုန်မှာ ဘန်ကောက်မြို့အတွင်း လမ်းဘေးဈေးသည်တွေကိုရှင်းလင်းရလိမ့်မယ်လို့ ဘန်ကောက်မြို့တော်ဦးစီးဌာန (BMA) ကပြောပါတယ်။ လမ်းဘေးအစားအစာဆိုင်တွေကြောင့် နိုင်ငံတကာမှာလူသိများတဲ့ ဘန်ကောက်မြို့တော်မှာ တရုတ်တန်း/ Yaowarat နဲ့ ဒါအိုဆန်လမ်းတို့လို နာမည်ကြီးနေရာတွေကိုပါ ဘန်ကောက်မြို့တော်သာယာလှပရေးအတွက် လမ်းဘေးဈေးသည်ရှင်းလင်းတော့မှာပါ။
CNN ကသတ်မှတ်တဲ့ ကမ္ဘာမှာ လမ်းဘေးအစားအစာအကောင်းဆုံးမြို့အဖြစ် နှစ်နှစ်ဆက်တိုက်နေရာရပြီး တစ်လအကြာမှာပဲ ဘန်ကောက်မြို့တော်ဦးစီးဌာနက လမ်းသွားလမ်းလာတွေအတွက် ပလက်ဖောင်းပြန်လည် ရှင်းလင်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး လမ်းဘေးဈေးသည်တွေကို လုံးဝပပျောက်သွားအောင် ပိတ်ပင်မယ်လို့ ကြေညာခဲ့ပါတယ်။ Siam Square၊ Pratunamနဲ့ Phra Phuttayotfa တံတားအောက် ပျံကျဈေးတို့လို လမ်းဘေးဆိုင်တွေရှိတဲံ ပလက်ဖောင်းတွေကို အောင်မြင်စွာရှင်းလင်းပြီးတဲ့နောက် နိုင်ငံတကာသိကြတဲ့ Yaowarat နဲ့ ခါအိုဆန်လမ်း တို့ဟာ နောက်ထပ်ပစ်မှတ်နေရာတွေဖြစ်လိမ့်မယ်လို့ ဘန်ကောက်အုပ်ချုပ်ရေးမှူးရဲ့ အကြံပေးအရာရှိ ဝမ်လော့ဆူဝမ်ဒီး က တနင်္လာနေ့မှာအတည်ပြုပြောခဲ့ပါတယ်။
“BMA အနေနဲ့ ဘန်ကောက်ရဲ့မြို့နယ် ၅၀ လုံးမှာ လမ်းဘေးဈေးသည်ကင်းရှင်းရေးနဲ့ လမ်းသွားလမ်းလာတွေ အတွက် ပလက်ဖောင်းတွေပြန်ရနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ Yaowaratနဲ့ ခါအိုဆန်လမ်းတို့က တရားမဝင်လမ်းဘေးဈေးသည်ရှင်းလင်းရေးမှာ ကျွန်တော်တို့ရဲ့နောက်ထပ်ပစ်မှတ် ဖြစ်ပါလိမ့်မယ်” လို့ ဝမ်လော့ ကပြောခဲ့ပါတယ်။ သက်ညှာမှုခြွင်းချက်မရှိ ကမ္ဘာအကောင်းဆုံးလမ်းဘေးအစားအစာဆိုင်စည်ကားရာမြို့အဖြစ် ဘန်ကောက်အပေါ် CNN ရဲ့ အသိအမှတ်ပြု မှုကို ကျေးဇူးတင်ပေမယ့် လမ်းတွေပေါ်မှာသန့်ရှင်းရေးနဲ့ဘေးအန္တရာယ်ကင်းရေးတို့ဟာ BMA ရဲ့ ဦးစားပေး လုပ်ငန်းစဉ်တွေဖြစ်တယ်လို့ ဝမ်လော့ ကဆိုပါတယ်။
” လမ်းဘေးဆိုင်တွေက ပလက်ဖောင်းကို နေရာယူထားတာ အရမ်းကြာနေပြီ။ ပြီးတော့ သူတို့ကို အစား အသောက်တွေနဲ့တခြားပစ္စည်းတွေ ရောင်းဖို့ ဈေးထဲမှာတရားဝင်နေရာပေးပြီးသား။ ဒါ့ကြောင့် ဒီလုပ်ငန်းစဉ်မှာ အလျှော့ပေးတာမျိုး ရှိမှာမဟုတ်ဘူး။ လမ်းဘေးဈေးဆိုင်တိုင်း ဖယ်ရှားခံရမှာတော့ မဟုတ်ပါဘူး” လို့ သူက ထပ်ပြောပါတယ်။ Khao San Business Council ဥက္ကဌ ပီယာဘူတားကတော့ BMA ရဲ့အစီအစဉ်ကို သူ မသိခဲ့ကြောင်း၊ မြို့တော် အာဏာပိုင်တွေနဲ့ ထပ်ပြီးဆွေးနွေးဖို့လိုလိမ့်မှာဖြစ်ကြောင်း ပြောပါတယ်။ ဘန်ကောက်နေ မြို့ခံတစ်ဦးဖြစ်တဲ့ ဖရူးယက်ချောင် ကတော့ လမ်းပလက်ဖောင်း သန့်ရှင်းရေးသပ်ရပ်ရေး BMA ရဲ့ ကြိုးပမ်းမှုတွေကို သဘောတူလက်ခံပေမယ့် သည်လိုလုပ်မယ်ဆိုရင် ကမ္ဘာမှာကျော်ကြားတဲ့ မြို့တော်ရဲ့ လမ်းဘေးအစားအစာတွေကို ထိန်းသိမ်းရင်းနဲ့လည်း လုပ်လို့ရပါတယ်လို့ ပြောပါတယ်။
“BMA က လမ်းဘေးဈေးဆိုင်တွေအတွက် ဇုန်တစ်ခုသတ်မှတ်ပေးသင့်တယ်။ ဒါမှသူတို့တွေ အလုပ်လည်းမပျက်၊ ဘန်ကောက်ရဲ့လမ်းဘေးအစားအစာတွေကိုလည်း ထိန်းသိမ်းနိုင်တယ်။ နိုင်ငံခြားဧည့်သည်တွေက ဘန်ကောက် ရဲ့ထူးခြားတဲ့အစားအစာတွေကို အားပေးနေချိန်မှာ ဒီကလူတွေကလည်း ဈေးရောင်းလို့ရနိုင်မယ်” လို့ သူက ပြောပါတယ်။
 YSD
Ref: Nation, Apr 18, 2017
သည်နှစ်ကုန်ရင် ဘန်ကောက်မှာ လမ်းဘေးဈေးသည်ကင်းရှင်းစေရမယ်လို့ဆို သည်နှစ်ကုန်ရင် ဘန်ကောက်မှာ လမ်းဘေးဈေးသည်ကင်းရှင်းစေရမယ်လို့ဆို Reviewed by Unknown on 7:41 AM Rating: 5

Post AD