အသက်တစ်ရာမနေကြရသော်လည်း
မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်မှ ၁၃၇၉ ခုနှစ်သို့ အကူးအပြောင်း တွင် ဝမ်းသာစရာသတင်းတစ်ပုဒ် ကို ကြားလိုက်ရသည်။ ၁၃၇၈ ခုနှစ် တန်ခူးလပြည့်ကျော် ၁ ရက် နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံတစ်ဝန်း ရှိ အကျဉ်းထောင်၊ စခန်းအသီး သီးမှ စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား၊ အကျဉ်းသူများ အား အထူးလျှော့ရက်ဖြင့် ပြန် လွှတ်ပေးလိုက်သော သတင်းဖြစ် သည်။ ပြစ်ဒဏ်ကျခံနေစဉ် စည်း ကမ်းလိုက်နာမှု ကောင်းမွန်စွာ နေထိုင်မှုတို့အပေါ် အခြေခံ၍ နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် ဘဝသစ်စတင်နိုင်ရန် ရည်ရွယ်၍ အကျဉ်းသား၊ အကျဉ်းသူ ၂,၂၈၃ ဦးအား လျှော့ရက်ဖြင့် ပြန်လွှတ် ပေးလိုက်သည်ဟု ထုတ်ပြန်ကြေ ညာထားသည်ကို တွေ့ရသည်။
မြန်မာအဘိဓာန်တွင် ထောင်ဆိုသည်ကို ‘တရားဥပဒေ အရ အပြစ်ဒဏ်ရရှိသူကို အကျဉ်း ချထားရာ အဆောက်အအုံ’ဟု ဖွင့်ဆိုထားသည်။ ထိုသို့ဆိုလျှင် တရားဥပဒေကို မည်သူက မည် သူ့အတွက် ပြဋ္ဌာန်းသနည်းဆို သည့် မေးခွန်းဘက်ကို ဦးစွာသွား ကြည့်ချင်သည်။ ပြည်သူက ရွေး ချယ်တင်မြှောက်သည့် ပြည်သူ့ အစိုးရများ အုပ်ချုပ်သည့် တိုင်း ပြည်များတွင် တရားဥပဒေကို ရေးဆွဲပြဋ္ဌာန်းသူများသည် ပြည်သူ့ ကိုယ်စားလှယ်များဖြစ်ပြီး ပြည်သူ့ အကျိုးကို ကာကွယ်စောင့်ရှောက် ရန်အလို့ငှာ ပြည်သူ့အတွက်ရေးဆွဲ ပြဋ္ဌာန်းကြသည်ကို တွေ့ရသည်။
အာဏာရှင်အုပ်စိုးသော တိုင်းပြည်များ၌မူ တရားဥပဒေဆို သည်မှာ အုပ်စိုးသူ လူတန်းစား များ၏ အကျိုးစီးပွားကိုသာ ရှေး ရှုပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်သော သူများအား ဖိနှိပ်ရန် ရည် ရွယ်ရေးဆွဲပြဋ္ဌာန်းကြသည်။ ထို့ ကြောင့် တရားဥပဒေဟု ခေါ်ဆို သော်ငြား ဓမ္မထက် အဓမ္မဘက် ကို အားသာသွားသည်ကို တွေ့ရ တတ်သည်။ ထိုသဘောအရ ထောင်ဆိုသည်မှာ လူဆိုး၊ လူ မိုက်များကို ဖမ်းဆီးထိန်းသိမ်း ထားသည့်နေရာသာမဟုတ်ဘဲ လူကောင်းသူကောင်း များလည်း ရောက်ရှိလာတတ်သော နေရာ ဖြစ်လာသည်။
စစ်အစိုးရလက်ထက် ရန် ကုန်အင်းစိန်ထောင်၊ မန္တလေးနန်း တွင်းထောင်၊ မန္တလေးအိုးဘို ထောင်တို့တွင် ၁၃ နှစ်ကျော်ကြာ နေထိုင်ခဲ့ရသည့် စာရေးဆရာ နောင်ကျော်က ထောင်နှင့်ပတ် သက်၍ အောက်ပါအတိုင်း ဖွင့်ဆို ခဲ့သည်။
‘‘ထောင်ဆိုသည်မှာ ကမ္ဘာ့ နိုင်ငံတိုင်းတွင် ရှိနေသော အစိုးရ အုပ်ချုပ်ရေးယန္တရားထဲက တစ်ခု ဖြစ်သည်။ အစိုးရနှင့် ပြည်သူဆို တာ ရှိနေလျှင် ထောင်ဆိုတာက လည်း တွဲပြီးရှိနေလေ့ရှိသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအ ကြား၊ အစိုးရတစ်ဖွဲ့နှင့်တစ်ဖွဲ့ ကြား ထောင်အပေါ်ထားကြသော အမြင်သဘောထားပဲ ကွာကြ သည်ကို သတိပြုမိကြမည်ထင် သည်။ ထောင်ဆိုသည်မှာ လူ့အ ဖွဲ့အစည်းကို ဒုက္ခရောက်အောင် လုပ်တတ်သူများ၊ လူတွေ၏ နေ့ စဉ်နေထိုင်မှုဘဝကို မလုံခြုံ အောင်၊ အထိတ်တလန့်ဖြစ် အောင်၊ ပျက်ပြားအောင် ဆိုးသွမ်းရက်စက်အနိုင်ကျင့်ဗိုလ်ကျ ခြိမ်း ခြောက်နှောင့်ယှက်သူများ၊ နိုင်ငံ နှင့် ပြည်သူလူထု၏ စည်းစိမ်ဥစ္စာ ကို ခိုးဝှက်လုယက်၊ လိမ်ညာအလွဲသုံးစားလုပ်နေသူများကို တရား မျှတသော ဥပဒေအရ အရေးယူ အပြစ်ပေးပြီး ချုပ်နှောင်ထိန်း သိမ်းထားသော နေရာမျိုးပဲဖြစ် သင့်သည်ဟု အစိုးရအဖွဲ့အများစု က သတ်မှတ်လက်ခံထားကြ သည်။ ကျူးလွန်ခဲ့သော ပြစ်မှုအ တွက် ထိုက်သင့်သော အပြစ်ဒဏ် ကို ခံနေရသော လူသားတစ် ယောက်အတွက် အကျဉ်းထောင် ထဲမှာ နေရစဉ်ကာလအတွင်း စား ဝတ်နေရေးကိစ္စများတွင် လူသား ဂုဏ်သိက္ခာနှင့် လိုက်လျောညီ ထွေမှုရှိအောင် စီစဉ်ဆောင်ရွက် ပေးရေးအတွက်လည်း အစိုးရက ပြဋ္ဌာန်းသတ်မှတ်ပေးထားတတ် ကြသည်။ မှားယွင်းအဖမ်းခံထား ရသူများ၊ တရားဥပဒေနှင့် ငြိစွန်း မှုမရှိဘဲနှင့် အဖမ်းခံထားရသူများ အတွက်လည်း မှန်ကန်မျှတစွာ စိစစ်စစ်ဆေးပြီး အကျဉ်းထောင်မှ လွတ်မြောက်အောင် အစိုးရအဖွဲ့ အတော်များများက ကူညီဖြေရှင်း ပေးတတ်ကြသည်။ တကယ် တော့ ထောင်ဆိုသည်မှာ လူ ကောင်းသူကောင်းများအား ချုပ် နှောင်ထားရသည့်နေရာမဟုတ်။ တိုင်းပြည်ကောင်းကျိုး သယ်ပိုး ရွက်ဆောင်နေသူများအား ဖမ်း ဆီးထားရမည့် နေရာမဟုတ်။ အစိုးရအဖွဲ့နှင့် သဘောထားကွဲ လွဲသူများအား ထိန်းသိမ်းထား၊ အပြစ်ပေးထားရမည့် နေရာ မဟုတ်သော်လည်း နယ်ချဲ့အင်္ဂ လိပ်အစိုးရလက်ထက်ကတည်း က ဤသဘောကို တွေ့ခဲ့ရသည်’’ ဟု ဆိုခဲ့သည်။
မြန်မာ့ထုံးတမ်းစဉ်လာဆို စကားအရ မစည်ကားအပ်သော နေရာလေးမျိုးတွင် အကျဉ်း ထောင်ပါဝင်သည်။ ပါလီမန်ဒီမို ကရေစီခေတ် ဝန်ကြီးချုပ်ဦးနုက ထိုမစည်ကားအပ်သော လေးနေ ရာဖြစ်သည့် ထောင်၊ တရားရုံး၊ ဆေးရုံ၊ သင်္ချိုင်းတို့တွင် ပြည်သူ များ သံဝေဂတရားရရန် ရည်ရွယ် ကာ ညောင်ပင်တွေ စိုက်ခိုင်းခဲ့ သည်ဟု သိရသည်။ ထို့ကြောင့် အချို့သောသူများက ညောင်လေးညောင်ရှောင် အိုတောင်မဆင်းရဲ ဟုဆိုကြပြန်သည်။ သို့သော် အ သက်တစ်ရာမနေရသော်လည်း အမှုတစ်ရာပွေရဟူသည့်စကား အတိုင်း မကြုံချင်သော်လည်း ကြုံ ရဆုံရသည့်အဖြစ်တွေ ရှိနေဆဲ ဖြစ်သည်။ စာရေးသူ တက္ကသိုလ် ကျောင်းသားဘဝ ၁၉၉၀ ပြည့်နှစ် ကျောင်းတွေပိတ်ထားသည့်အ ချိန်တုန်းက ထောင်ကျခဲ့ဖူးသည်။ ဘာမှုနှင့်လဲဟုမေးလျှင် ခေတ်ကို မလွန်ဆန်နိုင်သော အမှုဟုဆို ကြပါစို့။ စာရေးသူ၏ ဇာတိမြို့ ဟင်္သာတထောင်က ဘယ်မြို့နှင့် မှ မတူ။ ထောင်က မြို့အလယ်မှာ တည်ရှိသည်။ စာရေးသူနှင့် အမှု တွဲ ကျောင်းသားများကိုထား သည့် ပြစ်ဒဏ်တိုက်နောက်တွင် အုတ်ရိုးနှင့် မျှော်စင်ရှိသည်။ ထို့ နောက်တွင် အထက(၁) ကျောင်း ရှိပြီး ခေါင်းလောင်းသံ၊ စာအံသံ တွေပါ ကြားနေရတတ်သည်။ ဆောင်းညတစ်ညတွင် မျှော်စင် ပေါ်မှ သေနတ်သံ ဒိုင်းခနဲ တစ် ချက် ကြားရသည်။ မျှော်စင်ဆို သည်မှာ အကျဉ်းထောင်ဝန်ထမ်း (ဝါဒါ)များ ကင်းစောင့်သော နေ ရာဖြစ်သည်။ သေနတ်သံကြား ရတော့ အကျဉ်းသားတစ်ယောက် ထွက်ပြေးသဖြင့် ပစ်ခတ်ခြင်းဖြစ် နိုင်သည်ဟု တွေးမိသည်။
သို့သော် မဟုတ်။ မကြာ မီ တိုက်တံခါးဖွင့်သံကြားရပြီး ထောင်မှူး၊ ထောင်ဝန်ထမ်းများ ရောက်ရှိလာကာ မျှော်စင်ပေါ်ရှိ သေနတ်ဖောက်သော ဝန်ထမ်းကို ဖမ်းဆီးလာပြီး တိုက်ခန်းအလွတ် တစ်ခုထဲသို့ထည့်ကာ သော့ခတ် သွားကြသည်။ ထိုဝန်ထမ်းသည် အလွန်အကျွံအရက်မူးကာ တစ် ညလုံး ထောင်ပိုင်၊ ထောင်မှူးတွေ ကို နာမည်တပ်ကာ ဆဲရေးတိုင်း ထွာနေသည်။ ကြားရသော သေ နတ်သံမှာလည်း ထောင်ပိုင်၊ ထောင်မှူးများကို မကျေနပ် သဖြင့် မိုးပေါ်ထောင်ပစ်သော သေနတ်သံဖြစ်၏။ အကျဉ်းသား များကို ဖမ်းဆီးထိန်းသိမ်းရသူ အ ကျဉ်းထောင်ဝန်ထမ်းကိုယ်တိုင် အကျဉ်းထောင်ထဲတွင် အဖမ်းခံရ သည့်အဖြစ်က အမှုတစ်ရာပွေရ ခြင်းတွင် ပါဝင်လိမ့်မည်။
ထောင်ဆိုသည်မှာ မည် သည့်လူသားမျှ တစ်မိနစ်၊ တစ် စက္ကန့်တောင် မနေချင်သောနေ ရာဟု စာဖတ်သူများ သိထားကြ ပါသည်။ သို့သော် ထောင်ထဲမှ လွတ်ရက်စေ့သော်လည်း ပြန် မထွက်ချင်သူရှိခဲ့သည်ဆိုလျှင် သင်တို့ ယုံကြည်မည်လားမသိ။ စာရေးသူ ထောင်ကျနေစဉ် နံနက်ပိုင်းတစ်ခု၌ ထောင်အတွင်း ရုတ် ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်။ နံနက် ၉ နာရီအချိန် အပြစ်ဒဏ်ရက်စေ့ ၍ လွတ်လူများ ခေါ်ယူနေချိန်တွင် ဖြစ်၏။ ထောင်ဆိုသည်က ပြစ် ဒဏ်စေ့သူကို တစ်ရက်ပိုထား၍ မရသောနေရာဖြစ်သည်။ ထိုနေ့ က လွတ်လူတစ်ဦး ပျောက်ဆုံးနေ ၍ ဝိုင်းဝန်းရှာဖွေရသဖြင့် ရုတ် ရုတ်သဲသဲဖြစ်ပွားရခြင်းဖြစ်သည်။ နောက်ဆုံး ထိုသူကို ယာခင်းဘက် ရှိ ကြိုးစင်အဟောင်းအနီးမှာ တွေ့ရှိခဲ့သည်ဟူ၏။ ထိုသူမှာ အပြင် တွင် ပြန်စရာအိမ်မရှိ၊ စားစရာ အလုပ်အကိုင်မရှိ၍ ထောင်ထဲ တွင် ဆက်လက်နေလိုသဖြင့် ထောင်အရာရှိများကို ရှိခိုးတောင်းပန်ကြောင်း ကြားလိုက်ရသည်။ ထိုသူသည်လည်း အမှုတစ်ရာပွေ ရသူများထဲမှ တစ်ဦးပင်ဖြစ်သည်။
စစ်အစိုးရလက်ထက် အင်း စိန်ထောင်အတွင်း၌ ၁၉ နှစ်ကြာ နေခဲ့ရသူ ကွယ်လွန်သူ သတင်း စာဆရာကြီး ဦးဝင်းတင်ကတော့ ထောင်နှင့်ပတ်သက်ပြီး ‘‘စကြ ဝဠာထောင်ပဲဖြစ်ဖြစ်၊ မုန်ညင်းစေ့ ထောင်ပဲဖြစ်ဖြစ်၊ ထောင်ဟာ ထောင်ပဲ၊ တံတိုင်းဟာ တံတိုင်းပဲ၊ သံတိုင်ဟာ သံတိုင်ပဲ၊ ထိတ်တုံးဟာ ထိတ်တုံးပဲ၊ အချုပ်သားဟာ အချုပ်သားပဲ၊ ထောင် သားဟာ ထောင်သားပဲ၊ အကျဉ်းသားဟာ အကျဉ်းသားပဲ၊ ငါဘာလဲ တွေးငေးဆွေးမေးနေစရာမလို တော့။ ငါဘယ်လိုပြုံးမလဲ၊ ငါ ဘယ်လို မုန်းမလဲ၊ ငါဘယ်လို ရုန်းမလဲ၊ ငါဘယ်လို ဝုန်းမလဲ၊ ငါဘယ်လိုဆုံးမလဲ၊ ငါ ဘယ်လိုသုဉ်းမလဲ၊ ငါဘယ်လိုကြံမလဲ၊ ငါဘယ်လို ဖန်မလဲ၊ ငါဘယ်လိုခံမလဲ၊ ငါဘယ်လို လှန်မလဲ’’ဟု ဘာလဲဟဲ့ လူ့ငရဲ စာအုပ်တွင် ရေးသားခဲ့သည်။
တကယ်တော့ လူ့ဘဝအ တွေ့အကြုံများတွင် ထောင်ဆို သည့်အတွေ့အကြုံကို မည်သူမှ မဖြတ်သန်းလိုကြသည်ကတော့ အမှန်တရားစစ်စစ်ပင်ဖြစ်သည်။ လွတ်လပ်မှုကို အပြည့်အဝမရရှိ သော နေရာတွင် ဘယ်သတ္တဝါမှ မနေလိုကြ။
ပြီးခဲ့သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် မြန်မာနိုင်ငံတစ် ဝန်း၌ ဇီဝိတဒါန ဘေးမဲ့လွှတ်ပွဲ တွေ ကျင်းပကြသည်ကို တွေ့ရ သည်။ ငှက်ကလေးတွေကို လှောင်အိမ်ထဲမှလည်းကောင်း၊ ငါးကလေးတွေကို ရေကန်ထဲသို့ လည်းကောင်း ဘေးမဲ့လွှတ်ပေး ကြသည်။ ငှက်ကလေးတွေ ဘေး မဲ့လွှတ်ဖို့ လှောင်အိမ်ထဲ ဘာ ကြောင့် ဖမ်းခဲ့ကြသနည်း။ ငါး ကလေးတွေ ရေကန်ထဲလွှတ် ဖို့ မြစ်ထဲ၊ ချောင်းထဲက ဘာကြောင့် ဖမ်းခဲ့ကြ သနည်း။ စာရေးသူတို့ ပြန်လည် သုံးသပ်ကြည့်သင့် သည်။ ကျော့ကွင်း၌ မိနေသော တိရစ္ဆာန်၊ ကွန်ရက်၌ မိနေသော ကျေးငှက်တို့ကို လွှတ်ပေးလိုက် ခြင်းကတော့ ဒုက္ခရောက်သူကို ကူညီခြင်းမည်သည်။ ယခုကောင်းကင်၌ လွတ်လပ်စွာပျံသန်းနေ သော ကျေးငှက်နှင့် မြစ်ထဲ၊ ချောင်းထဲမှာ ကူးခပ်နေသော ငါးတို့ကို လှောင်ချိုင့်နှင့် ပိုက်ကွန် ဖြင့် ဖမ်းပြီးခါမှ ပြန်လွှတ်ပေးခြင်း ကတော့ အားလုံးပြုနေကြသည့် ကုသိုလ်နှင့်ပတ်သက်၍ စဉ်းစား စရာပင်ဖြစ်တော့သည်။
နှစ်သစ်ကူးကာလတွင် အ ထူးလျှော့ရက်ဖြင့် လွတ်လာကြ သူများ စိတ်သစ်လူသစ်ဖြင့် ဘဝ သစ်စတင်နိုင်ပါစေ။ ကျန်ရှိသော အကျဉ်းသားများလည်း မိမိပြစ် ဒဏ်ကို ပေးဆပ်ပြီး ပြန်လည် လွတ်မြောက်ကြပါစေ။ အသက် တစ်ရာမနေကြရသော်လည်း အမှုတစ်ရာ မပွေကြရပါစေနှင့်ဟု မြန်မာနိုင်ငံသားအားလုံးကို နှစ် သစ်မှာ ဆုမွန်ကောင်းတောင်း လိုက်ရပါသည်။

Reviewed by Unknown
on
7:58 AM
Rating:
Reviewed by Unknown
on
7:58 AM
Rating:

Post a Comment