ကိုရီးယားစစ်ဖြစ်လာရင်ရောက်လာမယ့်ဒုက္ခသည်တွေအတွက် ဂျပန်ကြိုတင် စီစဉ်
ဧပြီ ၁၈ – ကိုရီးယားကျွန်းစွယ်မှာ စစ်ဖြစ်ခဲ့ရင် ဒုက္ခသည်တွေ ဂျပန်ကို အလုံးအရင်းနဲ့လာမယ့် အရေးအတွက် အရေးပေါ်စီမံကိန်းတွေကို ဂျပန်အစိုးရက ရေးဆွဲနေကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက တနလာင်္နေ့က ပြောပါတယ်။ အစိုးရဟာ နိုင်ငံခြားသားတွေကို ကာကွယ်ရေး၊ မြေယာစီမံချက်၊ ခိုလှုံရေးစခန်းတွေ တည်ဆောက်ရေးနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို စစ်ဆေးရေးအပါအ၀င် စီမံချက်တွေကို ဆောင်ရွက်နေကြောင်း အာဘေးက လွှတ်တော်မိန့်ခွန်းမှာ ပြောပါတယ်။ အာဘေးက အခုလိုပြောတာဟာ အရင်က မကြာခဏမေးဖူးတဲ့ မေးခွန်းကို ဖြေကြားလိုက်တာဖြစ်ပေမယ့် မြောက်ကိုရီးယားရဲ့ မစ်ဆိုင်းဒုံးစွမ်းရည်က တဟုန်ထိုးမြင့်တက်နေပြီး အမေရိကန်နဲ့ တင်းမာမှုမြင့်နေတဲ့ အခုအချိန်မှာ ဒီမေးခွန်းဟာ လက်တွေ့ပိုဆန်လာပါတယ်။ အစိုးရဟာ စစ်ဖြစ်လာရင် တောင်ကိုရီးယားမှာရှိတဲ့ ဂျပန်နိုင်ငံသား ၆၀၀၀၀ ကို ဘေးလွတ်ရာရွှေ့ပြောင်း ပေးမယ့်စီမံကိန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။
အာဘေးဟာ မြောက်ကိုရီးယားအရေးကို အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်နဲ့ အင်္ဂါနေ့မှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ပန့်စ်ဟာ တောင်ကိုရီးယားကနေ တိုကျိုကို လာရောက်မှာဖြစ်ပြီး “မြောက်ကိုရီးယားကို မဟာဗျူဟာအရ သည်းခံခဲ့တဲ့ခေတ် ကုန်ဆုံးသွားပြီ” လို့ ကြေညာမှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ပြုံယန်းအပေါ် ပိုမိုဖိအားပေးတဲ့ ပြောင်းလဲမှုကို ထပ်လောင်းအတည်ပြုခြင်းဖြစ်ပါတယ်။ အာဘေးက ဒီမူဝါဒကို ချီးကျူးပြီး မကြာသေးမီက ပူးတွဲထုတ်ပြန်ချက်အတွင်း အမေရိကန်က ဂျပန်ကို ကာကွယ်ပေးဖို့ နျူကလီးယားကိုရော၊ သမားရိုးကျလက်နက်တွေကိုပါ အသုံးပြုမယ်လို့ ကတိပေးထားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ “ကျွန်တော်တို့က မြောက်ကိုရီးယားရဲ့သဘောထားကို ပြောင်းလဲဖို့နဲ့ တရုတ်က ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာဖို့အတွက် အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ပူးပေါင်းလုပ်ဆောင်မှာပါ” လို့ အာဘေးက ပြောပါတယ်။ အာဘေးရဲ့ အမျိုးသားလုံခြုံရေးကောင်စီထဲက ၀န်ကြီးတွေဟာ မြောက်ကိုရီးယားနိုင်ငံအတွင်း နောက်ဆုံးဖြစ်ရပ် တွေကို လေ့လာဆန်းစစ်ဖို့နဲ့ ဂျပန်ဘက်က တုံ့ပြန်မှုတွေအတွက် တွေ့ဆုံခဲ့ကြောင်း ၀န်ကြီးများရုံးဝန်ကြီး ယိုရှီဟီဒီဆူဂါက ပြောပါတယ် ။
သောကြာနေ့က NSC အဖွဲ့ဝင်တွေဟာ မြောက်ကိုရီးယားလက်နက်ကိုင်စစ်သားတွေက ဒုက္ခသည်ဟန်ဆောင်ပြီး ဂျပန်ထဲ ၀င်လာနိုင်တဲ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဆိုပါတယ်။ ဂျပန်နိုင်ငံသားတွေကို ဘေးကင်းရာရွှေ့ပြောင်းဖို့ လိုအပ်လာခဲ့ရင် ဂျပန်အစိုးရဟာ တောင်ကိုရီးယားကို အရပ်သုံး ဒါမှမဟုတ် စစ်သုံးလေယာဉ်နဲ့ သဘောင်္တွေ စေလွှတ်ဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် စစ်လေယာဉ်တွေ၊ သဘောင်္တွေ စေလွှတ်တာဟာ တောင်ကိုရီးယားအတွက် အထိခိုက်မခံတဲ့ ကိစ္စ ဖြစ်လာနိုင်ပြီး အကြောင်းက ၁၉၀၀ ပြည့်လွန် ပထမ နှစ် ၅၀ အတွင်း ဂျပန်စစ်တပ်ရဲ့ ကျူးကျော်မှုနဲ့ နယ်ချဲ့မှုတို့ကို ပြန်အမှတ်ရစေနိုင်ကြောင်း ဝေဖန်သူတွေက ပြောပါတယ်။
စုပြည့်စုံ
ref: ABC, Apr 18th

Reviewed by Unknown
on
11:52 PM
Rating:
Reviewed by Unknown
on
11:52 PM
Rating:

Post a Comment