နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နှင့် ဥရောပနိုင်ငံများသို့ မေလအတွင်း သွားရောက်မည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ ၂၀၁၆ ခုနှစ် သြဂုတ် ၁၉ ရက်က ပေကျင်းမြို့ရှိ ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးစဉ် (Photo: AFP)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နှင့် ဥရောပနိုင်ငံများသို့ မေလအတွင်း သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧပြီ ၈ ရက်တွင် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း တရုတ်နိုင်ငံသို့ One Belt , One Road ထိပ်သီးအစည်းအဝေး တက်ရောက်ရန် သွားရောက်မည်ဖြစ်ပြီး ဥရောပနိုင်ငံများသို့လည်း ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
“မေလထဲမှာ ခရီးစဉ်တွေ ရှိပါတယ်။ တရုတ်နိုင်ငံကိုက One Belt , One Road ထိပ်သီးအစည်းအဝေး တက်ဖို့ သွားမှာပါ။ ဥရောပနိုင်ငံတွေကိုက ချစ်ကြည်ရေးခရီးပါ။ အသေးစိတ်ကိုတော့ အနီးကပ်မှာ ထပ်ပြောပါ့မယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် တရုတ်နိုင်ငံ၏ One Belt , One Road ထိပ်သီးအစည်းအဝေးသည် ပိုးလမ်းမ စီးပွားရေးရပ်ဝန်းဟု အမည်ကျော်ကြားပြီး တရုတ်နိုင်ငံအတွက် အာရှ၊ ဥရောပတို့ကို ချိတ်ဆက်မည့် အရေးပါသော စီးပွားရေးစီမံကိန်းတစ်ရပ် ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ရုရှား၊ ဗြိတိန်၊ အိန္ဒိယအပါအ၀င် နိုင်ငံပေါင်း ၂၀ ခန့်မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် သြဂုတ် ၁၇ ရက်ကလည်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ငါးရက်ကြာ သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်း၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာကျန်းတယ်ကျန်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး (Belt and Road Initiative) နှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြကနဦး ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံမှ ကြိုဆိုကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တစ်နိုင်ငံတည်း မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဘက်နှင့် ရှင်ကျန်းဒေသအရေးကိစ္စတို့နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား နားလည်ပြီး ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာနှင့် တရုတ် နှစ်နိုင်ငံအစိုးရကြား ချုပ်ဆိုသော စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်၊ တရုတ်နိုင်ငံအစိုးရ အကူအညီဖြင့် တည်ဆောက်မည့် ကွမ်လုံတံတားသစ် စီမံကိန်းအတွက် ဖြစ်နိုင်စွမ်း လေ့လာမှုဆိုင်ရာ စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၆ ရက်မှစ၍ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းကလည်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် ခရီးစဉ်၏ အသွားခရီးတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ သုံးရက်ကြာ နေထိုင်ခဲ့ပြီး ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသအခြေစိုက် မြန်မာသံအမတ်ကြီး ၁၂ ဦးနှင့် တွေ့ဆုံခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်မြို့တွင် နေထိုင်စဉ်အတွင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေ၊ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Rt.Hon. Mr. Boris Johnson ၊ ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Rt.Hon.John Bercow တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

Writer:
ငြိမ်းကို
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နှင့် ဥရောပနိုင်ငံများသို့ မေလအတွင်း သွားရောက်မည်
Reviewed by Unknown
on
5:43 PM
Rating:
Reviewed by Unknown
on
5:43 PM
Rating:

Post a Comment