၁၉၁၅ အာမေနီးယား လူမျိုးတုံးသတ်ဖြတ်မှု နှစ်ပတ်လည်အဖြစ် ကမ္ဘာတလွှားမှာ လူထုစုဝေးပွဲတွေကျင်းပ
ဧပြီ ၂၅ – ၁၉၁၅ ခုနှစ်က တူရကီရဲ့ အော်တိုမန်အင်ပါယာလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ အာမေနီးယား လူမျိုးတုံးသတ်ဖြတ်မှု ၁၀၂ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်နေ့အဖြစ် တနင်္လာနေ့က ကမ္ဘာတလွှားမှာ လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြကာ ဆန္ဒပြချီတက်ပွဲတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အစ္စတန်ဘူ၊ ဘေရွတ်နဲ့ပဲရစ်ကနေစလို့ အော်တဝါ နဲ့ အာမေနီးယားနိုင်ငံပြင်ပမှာရှိတဲ့ အာမေနီးယားလူမျိုးတွေ အများစုအခြေချနေထိုင်နေကြတဲ့နေရာတွေထဲကတစ်ခု ဖြစ်တဲ့ လော့စ်အိန်ဂျလိစ်အထိ လုပ်ဆောင်ခဲ့တဲ့ လူထုစုဝေးပွဲတွေမှာ တူရကီအာဏာပိုင်တွေအနေနဲ့လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ကိစ္စကို ငြင်းပယ်နေတာတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
“အာမေနီးယားတွေရှိတဲ့နေရာတိုင်းမှာ သည်ပွဲကိုလုပ်ဆောင်မှာပါ။ ဒါက ဝတ္တရားတစ်ခုပါ။ သေဆုံးခဲ့သူတွေကို လေးစားအသိအမှတ်ပြုတယ်ဆိုတာကိုပြသဖို့ ရောက်ရှိလာကြတာဖြစ်တယ်၊” လို့ဘေရွတ်က ပွဲစီစဉ်သူတစ်ဦး ဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် အရမ်ကာရာဒါဂလီယန်း ကပြောပြပါတယ်။ အော်တိုမန်အင်ပါယာရဲ့ Young Turks အစိုးရလက်ထက် ပထမကမ္ဘာစစ်အတွင်းမှာ အာမေနီးယားလူမျိုး ၁.၅ သန်း ခန့်အသတ်ခံခဲ့ရတယ်၊လို့ သမိုင်းပညာရှင်တွေကခန့်မှန်းထားပါတယ်။
ဒါပေမယ့် တူရကီအစိုးရက လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့တယ်ဆိုတာကို နှစ်ရှည်လများ ငြင်းပယ်ခဲ့ပြီး သည်သတ်ဖြတ်မှုတွေဟာ ပထမကမ္ဘာစစ်ရဲ့ စစ်အနိဋ္ဌာရုံတွေဖြစ်ရပ်တွေကနေ ခွဲထုတ်လို့မရနိုင်တဲ့ဖြစ်ရပ်တွေလို့ ငြင်းချက်ထုတ်နေပါတယ်။
“ကျွန်တော်တို့အနေနဲ့ တရားမျှတမှုကိုလိုလားတဲ့ကျွန်တော်တို့ရဲ့သဘောထားကိုထုတ်ဖော်ဖို့ အတူတကွရပ်တည် သွားမှာဖြစ်တယ်။” လို့ ကနေဒါနိုင်ငံ ကအာမေနီးယားအမျိုးသားကော်မတီရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဆိုင်မွန်အစ်ဇ်မီရီးယန်း ကဆိုပါတယ်။ အမေရိကန်အောက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ အဒမ်ရှစ်ဖ်နဲ့ ဒေ့ဗ်ထရော့ တို့ဟာ အာမေးနီးယား လူမျိုးတုံးသတ်ဖြတ်မှုကို တရားဝင်အသိအမှတ်ပြုပေးဖို့အတွက်တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့တဲ့လက ကွန်ဂရက်ကို တင်သွင်းခဲ့ပါတယ်။
“လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ က အော်တိုမန်အင်ပါယာက အာမေနီးယားလူမျိုး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး ၁.၅ သန်းကို ရက်ရက်စက်စက်သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာနဲ့ နေရာရွှေ့ပြောင်းတာတွေလုပ်ဆောင်ပြီး ၂၀ ရာစုနှစ်ရဲ့ ပထမဆုံးသောလူမျိုးတုံးသတ်ဖြတ်မှုကို ဖန်တီးခဲ့ကြတယ်၊” လို့ ရှစ်ဖ် ကထုတ်ပြန်ချက်တစ်ရပ်မှာရေးသား ဖော်ပြထားပါတယ်။
မအေးသီမွန်
[Ref:upi; 24 April 2017]
၁၉၁၅ အာမေနီးယား လူမျိုးတုံးသတ်ဖြတ်မှု နှစ်ပတ်လည်အဖြစ် ကမ္ဘာတလွှားမှာ လူထုစုဝေးပွဲတွေကျင်းပ
Reviewed by Unknown
on
11:43 PM
Rating:
Reviewed by Unknown
on
11:43 PM
Rating:


Post a Comment