Header AD

မာရသာမုန်တိုင်းတိုက်ခတ်မှု ဟိုင်းကြီးကျွန်းမှာ လူတစ်ဦးသေ

မာရသာမုန်တိုင်း တိုက်ခတ်မှုကြောင့် ကံချိုင်ကျေးရွာအုပ်စု ဘန့်ဘွေးကျေးရွာမှာ လူနေအိမ်(ဝါးဓနိ) ၄ လုံးနှင့် ကမ်းသာယာ ကျေးရွာမှာ လူနေအိမ်(ဝါးဓနိ) ၃ လုံး အမိုးများပျက်စီးသွားခဲ့ကြောင်း ကနဦး သတင်းများအရ သိရပါတယ်။ ယနေ့ မွန်းလွဲပိုင်းအချိန် နောက်ဆုံး တိုင်းထွာချက်များအရ ဆိုင်ကလုန်းမုန်တိုင်းဟာ ဧပြီ ၁၆ ရက်နေ့ ညသန်းခေါင်ယံမှာ မြန်မာနိုင်ငံ သံတွဲမြို့အနီး ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀) အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေမှာ တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း မာရသာ အရှိန်ကြောင့် ဧပြီ ၁၆ ရက်မှ ၁၇ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နဲ့ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ် တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတိပေးချက်အဖြစ် ထုတ်ပြန်ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင်နေထိုင်ကြသူ များအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန် ထုတ်ပြန်ထားပါတယ်။
ထို့အတူ ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။
Source & Photo: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန, ကိုထွန်းကြွယ်
မာရသာမုန်တိုင်းတိုက်ခတ်မှု ဟိုင်းကြီးကျွန်းမှာ လူတစ်ဦးသေ မာရသာမုန်တိုင်းတိုက်ခတ်မှု ဟိုင်းကြီးကျွန်းမှာ လူတစ်ဦးသေ Reviewed by Unknown on 2:03 AM Rating: 5

Post AD