Header AD

(စီးကရက်----ပုံပြင်)


"နိုင်းနိုင်းစနေရဲ့ဘာသာပြန်လက်ရာလေးပါ။

ဖြတ်မရအောင် သူ ဆေးလိပ်စွဲနေတာ ကြာပြီ။ ဆေးလိပ်နံ့ မကြိုက်တဲ့ သူမကြောင့် ဆေးလိပ်ကို သူခိုးခိုးသောက်နေရတယ်။ သူမ"သိလည်း မသိသလိုနေတတ်တယ် တစ်ခါတစ်လေ ကြည့်မရရင်တော့ သူမရဲ့အဆူကို သူခံရတတ်တယ်။

,,ဆေးလိပ်သောက်လို့ ကောင်းလား"
မျက်မှောင်ကြုတ်ပြီး သူမ အမြဲမေးတတ်တယ်။

"မကောင်းဘူး ဒါပေမယ့် မသောက်ရရင် မနေနိုင်ဘူး"

"ကျွန်မနဲ့ ဆေးလိပ်" ဘယ်အရာကို ရွေးမလဲ"

နှစ်ခုစလုံးယူမယ်။ ကျွန်တော့်အပေါ် မကောင်းမှန်းသိတယ် ဒါပေမယ့် မချစ်ပဲလည်း မနေနိုင်သလို မသောက်ပဲလည်း မနေနိုင်ဘူး။

သူမနဲ့ သိစက သူဒီထက် အသောက်ကြမ်းတယ်။ အားနေရင် သူ့လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ဆေးလိပ်တစ်လိပ် အမြဲရှိနေတတ်တယ် မိုးလင်းပေါက်အလုပ်လုပ်ရတဲ့ညဆို ဘယ်ပြောကောင်းမလဲ။ ဆေးလိပ်သောက်ပွဲကျင်းပနေလားလို့ ထင်ရတယ်။ ဆေးလိပ်နံ့ကြောင့် သူမကို ချောင်းတွေဆိုးစေခဲ့တယ်။သူမနဲ့ အတူနေပြီးနောက်ပိုင်း သူအသောက်နည်းနည်းလျှော့လာခဲ့တယ်။

ပျော်ပွဲရွှင်ပွဲ တစ်ခုခုလုပ်ပြီဆိုရင် အမြဲတမ်း ပွဲတစ်ဝက်ကနေ သူမ မသိအောင် အိမ်သာမှာ သူဆေးလိပ် သွားခိုးသောက်တတ်တယ်။ ဒါပေမယ့် သူ့ကိုယ်ပေါ်စွဲကပ်လာတဲ့ ဆေးလိပ်နံ့က သူမကို သတိပေးသလိုဖြစ်နေတယ်။ ဒါမှမဟုတ် သူနဲ့သူမ ကြည်နူးနေတဲ့အချိန် ရိုမန်တစ် ဖြစ်နေတဲ့အချိန်။ သူ့ရင်ခွင်ကြားထဲ သူမ တိုးဝင်တဲ့အချိန် သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ရရင် သူမ စကားလုံးဝ မပြောတော့ဘူး။ သူမ စိတ်ကောက်တဲ့ သွေးအေးစစ်ပွဲက ရက်အတော် ကြာတတ်တယ်။

"ဘာလို့ တိတ်ဆိတ်နေရတာလဲ"

-ဆေးလိပ်သောက်ခဲ့တယ် မဟုတ်လား။

-သောက်...သောက်..တယ်" လျှာခလုတ်တိုက်ပြီး သူပြန်ဖြေတော့ ချက်ချင်းပဲ သူ့ကို တွန်းထုတ်ပြီး တစ်ဖက်ကို သူမ ကျောပေးထိုင်နေလိုက်တယ်။

"တစ်လိပ်ထဲပါ..မလိမ်ပါဘူး'

"ကျွန်မအတွက် ရှင်" အဲဒီတစ်လိပ်လေးဆိုတာကို"မဖြတ်ပေးနိုင်ဘူးလား။

ကြည်နူးဖို့ ပြင်နေဆဲ သူမစိတ်တိုတော့ မျှော်လင့်ချက်ပျက်ပြီပေါ့။

ဆေးလိပ်ဖြတ်ဖို့ အချိန်လေး ပေးပါဦးလားကွာ။

"ကျွန်မက ရှင့်အတွက်ပြောနေတာ ဒါကို ရှင်သိလား။

သူနဲ့ချစ်ခဲ့တဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပင်လယ်ကမ်းစပ် တစ်ခုကို သူတို့သွားလည်ကြတယ်။ ကားပေါ်အတက် ကားကူရှင်ပေါ်က ဆေးလိပ်ဘူးကို သူမ မြင်သွားတယ်။ သူနဲ့အတူ ဆေးလိပ်ဘူးက အမြဲရှိနေတတ်တာ ဆန်းတော့ မဆန်းဘူး။ သူမ စိတ်မဆိုးဘူး။ဒါပေမယ့် နှုတ်ခမ်းဆူပြီး ဆေးလိပ်ဘူးကို သိမ်းသွားတယ်။ သူမစိတ်ဆိုးပြီး အစီအစဉ် ပျက်သွားမှာစိုးလို့ တစ်နေ့လုံး ဆေးလိပ်မသောက်ပဲ သူမ အလိုကို သူလိုက်လျောနေခဲ့တယ်။ ညနေ သူမကို အိမ်ပြန်ပို့တော့ သူ့အတွက် ဆေးလိပ်တစ်လိပ် ထုတ်ပေးတယ်။

"ကျွန်မကို ကတိပေးပါ။ နောက်ဆုံး ၃လိပ်သောက်ပြီးရင် လုံးဝ မသောက်တော့ဘူးလို့"

သူစိတ်ထိခိုက်ပြီး ဘာပြောရမှန်း မသိတော့ဘူး။ ချက်ချင်း(ဘယ်လိုဖြတ်ရမလဲ) ?..ဒါပေမယ့် ချစ်စိတ်ကြောင့် သူမ စိတ်ချမ်းသာအောင် ခေါင်းသွင်သွင် ညိတ်လိုက်မိတယ်။

ဆေးလိပ်ကို ချက်ချင်းဖြတ်လို့ မရမှန်း သူမလည်း သိနေတယ်။ သူ့ရဲ့ မတင်မကျ ဆုံးဖြတ်ချက်ကို သူမ အကောင်အထည်ဖော်ပြီး သူ့ကို ဆေးလိပ်ကူဖြတ်ပေးတယ်။

ဆေးလိပ်ဖြတ် ချိုချဉ် ။ဆေးလိပ်ဖြတ်ဆေးတွေ သူ့အတွက်ဝယ်လာတယ် ဒါပေမယ့် အရာမရောက်ခဲ့ဘူး။

ကျွန်မ ဆေးလိပ်သောက်သင်မယ်။ နောက်ဖြတ်မယ်။ ဖြတ်ပြီး ကျွန်မ ဘယ်လိုဖြတ်ခဲ့တယ်ဆိုတာ ရှင့်ကို ပြန်ပြောပြမယ်လေ။

"မ အ ပါနဲ့ကွာ..ဘယ်သူက အဲလို လုပ်ဖူးလို့လဲ" သူမခေါင်းကို ငြင်သာစွာခေါက်ရင်း သူပြောတယ်။

အသုံးဝင်မယ် ထင်လို့ပါ"

"ဆေးလိပ်နံ့ ခံနိုင်တာလည်း မဟုတ်ပဲနဲ့ ဇွတ်မလုပ်ချင်ပါနဲ့ကွာ။

"ဒါဆို ရှင်ဘယ်အချိန်မှ လုံးဝဖြတ်လို့ ရမှာလည်း။

"အတတ်နိုင်ဆုံး ဖြတ်နေတာပဲ" သူမခေါင်းကို ပွတ်သပ်ရင်း သူဖြေတယ်။

"ရှင့်ကို ကျွန်မအရမ်းချစ်တယ်။ ရှင့်ကို ကျွန်မ မဆုံးရှုံးချင်ဘူး။ ပြောရင်း သူမ ငိုတယ်။

"မငိုပါနဲ့ ကွာ"

တစ်ခါက မြို့ထဲ သူတို့ထွက်လည်ကြတော့ လမ်းဘေးက ဓါတ်ပုံရိုက်စက်မှာ သူ့ကိုအတင်းဆွဲပြီး ပုံနှစ်ပုံရိုက်ခဲ့တယ် တစ်ပုံကို သူ့ပိုက်ဆံအိတ်ထဲကပ်ပေးရင်း ဆေးလိပ်သောက်တဲ့ အချိန်တိုင်း ပုံထဲက ကျွန်မကို ကြည့်နော်။

ဒီလိုနဲ့ ဆေးလိပ်ဖြတ်မယ် ။မဖြတ်ဘူး ဆိုတာနဲ့ပဲ လွန်ဆွဲနေမိတယ်။ လမ်းခွဲစကားကို သူမ စပြောလာတယ်။ ဖုန်းတစ်ဖက်မှာ တစ်ညလုံး တိတ်တဆိတ် သူတို့ ငိုကြွေးခဲ့ကြတယ်။ သူမ အိပ်ယာဝင်မှ သူဖုန်းချပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြတယ်။

အလုပ်ထဲမှာပဲ သူ့ဘဝကို နစ်မြုပ်လိုက်တယ်။ ဆေးလိပ်ဖြတ်ဖို့ဆိုတာကို သူ သူ မကြိုးစားတော့ဘူး။ သူနဲ့ လမ်းခွဲပြီးနောက် သူမကတော့ ဘာမှ မဖြစ်ခဲ့သလိုပဲ။ ဒါပေမယ့် ဘေးမှာ တစ်ခုခု လိုနေတာကို သူမ ခံစားမိတယ်။ ဆေးလိပ်သောက်သူတွေ တွေ့တိုင်း ဆေးလိပ်နံ့ ရှူမိတိုင်း သူ့ကိုယ်ပေါ်က သူ့ရင်ခွင်က ဆေးလိပ်နံ့ကို သူမ သတိရနေမိတယ်။ ဆေးလိပ်နံ့က သူမအတွက် သူ့ကို သတိရစေတဲ့အနံ့ဖြစ်ခဲ့တယ်။

သူမ ဆေးလိပ်စသောက်နေမိပြီ။

ပထမတစ်လိပ် သူ့ကို ပိုသတိရသွားတယ်။

ဒုတိယတစ်လိပ် အငွေ့တွေကို တစ်ခန်းလုံးလွှမ်းအောင် မှုတ်ထုတ်မိတယ်။ တစ်လိပ်ပြီး....တစ်လိပ် အိပ်ယာခင်းတွေကအစ အရင်က သူမ မနှစ်သက်ခဲ့ သူ့အိပ်ယာခင်းလိုဖြစ်အောင် အငွေ့တွေ မှုတ်ထုတ်မိတယ်။ ဆေးလိပ်အငွေ့တွေ ရှူပြီး မူးနောက်လာမှ သူမ အိပ်ပျော်သွားတတ်တယ်။

သူမ ဆေးလိပ် မသောက်ရ မနေနိုင်တော့ဘူး။ အသည်းကွဲလို့ ထွက်ပေါက်ရှာတာလား?" အရွဲ့တိုက်ချင်လို့လား?" သူမ ဘာမှသေချာမသိတော့ဘူး။ သူမသိတာက ဆေးလိပ်သောက်ဖို့ပဲ။

-နှစ်တစ်နှစ် ကုန်သွားခဲ့တယ်။ မမျှော်လင့်ပဲ နေရာဟောင်းမှာ သူတို့ပြန်ဆုံကြတယ်။ နှစ်အတော်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းလိုပဲ ကမ်းစပ်ဘေးကို သူတို့ရောက်သွားပြန်တယ်။ ရုပ်ကျသွားတဲ့ သူမကိုတွေ့တော့ သူ့ကြောင့်ဖြစ်ရတယ်ဆိုပြီး သူစိတ်မကောင်းဖြစ်မိတယ်။ သူမဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးညှိလိုက်တယ်။

ဆေးလိပ်သောက်တယ်။ အံ့ဩတဲ့ပုံစံနဲ့ သူမေးတယ်။

"အင်း...သောက်ပါဦး"

တော်ပြီ ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ။ အော်...ဘယ်တုန်းကလည်း သူဆေးလိပ်ဖြတ်နိုင်တာကို သူမ အံ့ဩမိတယ်။

-နှစ်ဝက်လောက်ရှိပြီ။ ကျွန်တော် သိပ်ချစ်တဲ့ ကောင်မလေး တစ်ယောက်ကြောင့်"

သူမ နှုတ်ဆိတ်သွားမိတယ်။ လက်ကြားမှာ ညှပ်ထားတဲ့ ဆေးလိပ်က တုန်ခါနေတယ်။ အရင်က သူဆေးလိပ်ဖြတ်ဖို့ သူမ မျှော်လင့်ခဲ့ဖူးတယ်။ အခု သူမကိုယ်တိုင် ဆေးလိပ်စွဲနေတယ်။ ကျဆုံးခြင်း...ဆုံးရှုံးခြင်းစတဲ့ ဝေဒနာတွေက သူမ ရင်ဝကို လာဆောင့်တယ်။ ဘာဆက်ပြောရမှန်း မသိလို့ လက်ထဲက ကျန်နေတဲ့ ဆေးလိပ်တိုပဲ သူမ ဆက်သောက်နေမိတယ်။

ဘယ်တုန်းက ဆေးလိပ်စသောက်တာလဲ။

-နှစ်ဝက်ရှိပြီ ကျွန်မ သိပ်ချစ်တဲ့
ကောင်လေးတစ်ယောက်ကြောင့်။

သူ့ကို ဆေးလိပ်ဖြတ်စေချင်လို့ လိုက်သောက်တာလား

သူမမှာ နောက်ထပ် ကောင်လေးတစ်ယောက်ရှိတယ် အထင်နဲ့ သူမေးလိုက်တယ်။

မဟုတ်ဘူး သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ကို ကျွန်မ တမ်းတနေမိလို့"

သူတစ်ချက် တွေဝေသွားတယ်။ သူ့ကြောင့်လား ပိုင်ဆံအိတ်ကို သူဖွင့်ပြီး အရောင်လွှင့်စပြုနေတဲ့ ဓါတ်ပုံကို သူကြည့်လိုက်တယ်။

ဒီဓါတ်ပုံထဲက ကောင်မလေးကြောင့် ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာ သူ့အနားမှာပဲ ကျွန်တော် ပြန်နေချင်လို့ ဆေးလိပ်ဖြတ်လိုက်တာ။

သူ့ကို သူမ ငေးကြည့်မိတယ်။ မျက်ရည်တွေက ပါးပြင်ထက် လျှောကျလို့လာတယ်။

ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ။ ကျွန်တော် ဘယ်လိုဖြတ်ခဲ့တယ်ဆိုတာကို ပြန်ပြောပြမယ်လေ။

သူ့စကားကြောင့် သူမ ပြုံးလိုက်မိပါတယ်။

ပျော်ရွှင်းခြင်း ကြည်နူးခြင်းကို တကယ်သိတတ်။ နားလည်တတ်ရင် ရယူဖို့ဆိုတာ လွယ်ကူပါတယ်။
လွယ်ကူလွန်းလို့ တစ်ခါတစ်ရံမှာ မယုံကြည်နိုင်အောင်ဖြစ်ပြီး လက်လွှတ်ဆုံးရှုံးမိတတ်တယ်။
________________________________________
Credit to 99Sanay
(စီးကရက်----ပုံပြင်) (စီးကရက်----ပုံပြင်) Reviewed by Unknown on 8:57 PM Rating: 5

Post AD